ပဲပိုးတီသည် ဆောင်းရာသီတွင် ရှမ်းပြည်နယ်ဘက်၌ ပေါများစွာတွေ့ရှိရသော ရာသီစာ တစ်မျိုးဖြစ်သည်။ ရှမ်းပြည်နယ်မှ ဒေသခံအများစု ကြိုက်နှစ်သက်ကြသော ရာသီစာဖြစ်ပြီး ပဲပိုးတီကို ဝက်သားနှင့် လဲစားတောင်မစားဟု ဆိုစမှတ်ပြုကြသည်။
ပဲပိုးတီသည် အရစ်ရစ်လေးနှင့် လုံးလုံးဖောင်းဖောင်းလေးရှိပြီး ပိုးကောင်လေးနှင့်ဆင်တူသည်။ အရသာမှာ ချိုစိမ့်စိမ့်လေးရှိပြီး ချက်စားပါက အိအိလေးနှင့် အလွန်စားကောင်းသည်။ ပဲပိုးတီကို ဝက်သား၊ ကြက်သားနှင့်ရောချက်စားကြသလို၊ မုန်ညှင်းနှင့်ရောစပ်ပြီး အချဉ်တည်၍သော်လည်းကောင်း၊ ပဲပိုးတီသီးသန့်အချဉ်တည်၍သော်လည်းကောင်း မျိုးစုံပြုလုပ်စားသုံးကြသည်။
ပဲပိုးတီသည် ဆောင်းရာသီစာဟုဆိုသော်လည်း ဒေသခံများက အချဉ်တည်၍ တစ်နှစ်ပတ်လုံးစာ ပြုလုပ်စားသုံးကြကြောင်းသိရသည်။ ပဲပိုးတီမှာချက်စားလျှင် အိအိလေးနှင့်စားကောင်းပြီး အချဉ်တည် ၍ စားသုံးပါက ကြွပ်ကြွပ်လေးနှင့် အရသာရှိကြောင်းသိရှိရသည်။
တောင်ကြီးမြို့နယ်ဘက်တွင်မူ ပဲပိုးတီကို ဈေးများတွင် အလွယ်တကူရရှိနိုင်ပြီး ဒေသခံများ ပြုလုပ်သော ငါးရက်တစ်ဈေးနေ့များတွင် ရွာဘက်မှဒေသခံများ လာရောက်ရောင်းချကြသောကြောင့် ပို၍ပေါများစွာတွေ့ရှိရသည်။ ဈေးနှုန်းမှာ နို့ဆီဘူးတစ်ဘူးလျှင် (၁၀၀၀-၁၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချကြကြောင်း သိရှိရသည်။
DOCA(ရှမ်း)