သခွားမျိုးများမှာ မိုးသခွားနှင့် ဆောင်းသခွားဟူ၍ အုပ်စု(၂)မျိုးရှိပါသည်။ အစိမ်းစားသီးနှင့် အမှည့်စားသီးဟူ၍လည်းရှိပါသည်။ သခွားပင်များသည် မိုးတွင်းကာလတွင် ရေလောင်းပေးရန် မလိုသော်လည်း ဆောင်းတွင်းကာလတွင် ရေကို တစ်နေ့ (၂)ကြိမ် ရေလောင်းပေးရပါသည်။ သခွားသီးပင်များအား မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် စိုက်ပျိုးလျှင် ဖြစ်ထွန်းပါသည်။ ပြည်မြို့နယ်အနေဖြင့် ကျေးလက်ဒေသဖြစ်သော မှော်ဇာရွာနှင့် ရွှေတောင်မြို့နယ်အတွင်းရှိ ကွမ်းညှပ်စင်ရွာ၊ မင်းတဲကျွန်း၊ စစ်ကိုင်းကျွန်း စသည့် ကျေးလက်ဒေသများတွင်လည်း သခွားပင်များကို စီးပွားဖြစ်စိုက်ပျိုးကြပါသည်။
ဈေးကွက်အတွင်းသို့ တင်ပို့ရာတွင် ကုန်စိမ်းဒိုင်များသို့ ရက်သတ္တပတ်အလိုက် ခူးယူပြီး ပေးပို့သလို ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေး၊ ဒညင်းကုန်းဈေးများသို့ သခွားသီးအလုံး (၂၀)ပါ အိတ်ထုတ်များဖြင့် ပွဲစားများမှတဆင့် တင်ပို့ရောင်းချကြပါသည်။ သခွားသီးများအား ဈေးကွက် အတွင်း ရောင်းချရာတွင် သခွားသီး အစိမ်းစားသီးတစ်လုံးလျှင် (၁၀၀)ကျပ်၊ အမှည့်စားသီးအလုံး (သခွားသီးသုတ်စား) အလုံးကြီးတစ်လုံးလျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း တင်ပို့နေ ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)