ပြည်ဈေးကွက်သို့ ယခုဇန်နဝါရီလဆန်းမှစ၍ နွေပဲသီးများ စတင်ဝင်ရောက်လာပြီး ပေါ်ဦးပေါ်ဖျားမို့ ဈေးကောင်းရလျက်ရှိနေသည်။ ပြည်အနီးတစ်ဝိုက်ရှိ မှော်ဇာ၊ မထော၊ မြောင်းငယ်လှ၊ ပေါင်းတလည်၊ ဖိုးခေါင်၊ ချောင်းနားတန်း၊ မကျီးစု၊ ညောင်ပင်သာရွာများနှင့် အင်းမ၊ ပုတီးကုန်း၊ သဲကုန်းဘက်တို့မှ ဈေးကောင်းရချိန်မို့ ခူးဆွတ်ရောင်းချမှုများရှိနေပြီး ပြည်ဈေးကွက်သို့ ရက်ခြားအဝင်ရှိကာ တစ်ပတ်လျှင် ပိဿာချိန် (၂၅၀၀-၃၀၀၀)ခန့် အဝင်ရှိနေသည်။ အရောင်းအဝယ်မှာလည်း ဈေးမြင့်သော်လည်း ပေါ်ဦးပေါ်ဖျားဖြစ်သောကြောင့် အဝယ်လိုက်လျက် ရှိပြီး ဝင်ရောက်မှု၏ အားလုံးနီးပါးခန့် အရောင်းအဝယ်ဖြစ်နေသည်။ ဈေးနှုန်းအားဖြင့် ပြည်မြို့ပေါ်ဈေးများတွင် နွေပဲသီး ၁၀ကျပ်သားလျှင် ကျပ် (၇၀၀-၈၀၀)နှုန်းခန့်ဈေးရှိပြီး လှိုင်လှိုင်ထွက်ပေါ်ချိန်တွင် ကျပ် (၃၀၀-၄၀၀)နှုန်းခန့်သာ ရှိတော့မည်ဖြစ်ကြောင်း သိရသည်။
DOCA(ပဲခူး)