နတ်တလင်းမြို့မှကွမ်းရွက်စျေးနှုန်း

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ကွမ်းကိုစီးပွားဖြစ် တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိရာ ကွမ်းစိုက်သူများအနေဖြင့် ကွမ်းခြံစိုက်မည့်နေရာကို နွားချေး၊ မြေဆွေးများထည့်ကာ မြေပြုပြင်ပေးရသည်။ အမြင့်(၄)လက်မနှင့် အကျယ်(၂)ပေရှိဘောင်များ ပြုလုပ်ပေးရသည်။ ကွမ်းခြံတစ်ပိုင်တစ်နိုင်စိုက်သူများအနေဖြင့် ပေါက်ပြားဖြင့်ကွမ်းဘောင်များ ပြု လုပ်ပေးရသည်။ ကွမ်းခြံဆောက်လုပ်ရာတွင် ဝါးလုံးအကြီးများကိုတိုင်အဖြစ်အသုံးပြုပြီး ကွမ်းစိုက် တိုင်များကိုလည်း ဝါးလုံးအသေးများဖြင့်လည်းကောင်း ၊ ဝါးလုံးအကြီးများကို ခြမ်း၍လည်းကောင်း စိုက်ပျိုးကြသည်။ ကွမ်းခြံစင်ကိုလည်း အမြင့်(၇)ပေ (၈)ပေအထိဆောက်လုပ်ကြကြောင်း၊ နေပူဒဏ် မှကာကွယ်ပေးရန် အမိုးအကာများကို အုန်းလက်၊အမိုးအစိမ်း၊ အမိုးအမည်းများ အသုံးပြုရကြောင်း နှင့် ကွမ်းအမျိုးအစားများမှာ ကွမ်းနုဝါနှင့် ကွမ်းစိမ်းဟူ၍ (၂)မျိုးရှိသော်လည်း ကွမ်းနုဝါကိုအများဆုံး အသုံးပြုကြောင်း သိရပါသည်။

          ကွမ်းညွှန့်များကိုမိမိတို့နှစ်သက်ရာခြံမှ မျိူးဝယ်ယူကာ စိုက်ပျိုး‌လေ့ရှိကြသည်။ ကွမ်းနုဝါတစ် ညွှန့်လျှင် လက်ကားစျေး (၅၀၀)ကျပ်ခန့်ဖြင့် ဝယ်ယူကာ စိုက်ပျိုးကြရသည်။ ကွမ်းဘောင်အပေါ်ရှိ မြောင်းအရှည်အတွင်း၌ နှစ်ဆစ်မြုပ်ထည့်ကာ မြေဖုံး၍စိုက်ပျိုးပေးရကြောင်း၊ ကွမ်းညွှန့်အဖျား ပိုင်းကို ခပ်ကွေးကွေးအနေအထားဖြင့် ကွမ်းတိုင်တွင်ကွမ်းညွှန့်များ ထောင်မတ်နေသည့်ပုံစံဖြင့် ချည်ပေးရသည်။ ကွမ်းညွှန့်များကို စိုက်နည်းကွာခြားသော်လည်း တစ်ပင်နှင့်တစ်ပင်ကွာခြားချက်မှာ တစ်ပေခန့်သာရှိကြောင်း၊ ကွမ်းပင်များရေလောင်းရာတွင် ရေဖျန်းပုံးဖြင့်ဖျန်းလေ့ရှိသည်။ ကွမ်း စိုက်ပျိုးပြီး(၄)အကြာတွင် စတင်ခူးဆွတ်နိုင်ပါသည်။ မိုးရာသီနှင့်ဆောင်းရာသီတွင် (၁၀)ရက် တစ်ကြိမ်ခူးရသော်လည်း နွေရာသီတွင် ရာသီဥတုအပူဒဏ်ကြောင့် (၁၅)ရက်ကို တစ်ကြိမ်သာ ခူးရပါသည်။ ကွမ်းခူးပြီးလျှင် (၁၅)ပတ်လည်ကွန်ပေါင်းဓာတ်မြေဩဇာနှင့် မှိုဆေးများကို ဖျန်းပေး ရသည်။ မြေအနေအထားပေါ်မူတည်၍ ၃နှစ်မှ၅နှစ်အထိထားလေ့ရှိကြောင်း သိရပါသည်။ စိုက်ပျိုး ကုန်ကျစရိတ်အနေဖြင့် ကွမ်းခြံတစ်ပိုင်တစ်နိုင်စိုက်သူများအနေဖြင့် ကွမ်းတိုင်(၅၀၀)စိုက်လျှင် စုစုပေါင်းကုန်ကျစရိတ်မှာ ငွေကျပ်(၈)သိန်းခန့်ကုန်ကျကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရှိရပါသည်။ ကွမ်းနုဝါစျေးနှုန်းများမှာနိုဝင်ဘာလပထမအပတ်တွင်(၁၀၀၀၀)ကျပ်အထိရှိပြီး နိုဝင် ဘာလဒုတိယအပတ်တွင် (၁၂၀၀၀)ကျပ်အထိ စျေးနှုန်းမြင့်တက်လာကြောင်းသိရပါသည်။ မိုးရာသီ တွင်ကွမ်းအထွက်နှုန်း တိုးသော်လည်း မိုးများလျှင် ရောဂါပိုးကျရောက်လာသည့်အတွက် အထူး ဂရုစိုက်ရပါ‌ကြောင်း ဆောင်းရာသီနှင့်နွေရာသီတွင် အထွက်နှုန်းနည်းသွားသည့်အတွက် စျေးနှုန်းမြင့် တက်လာကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရှိရပါသည်။

DOCA(ပဲခူး)