မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာအတွင်းရှိ မြေအောက်ရေကို အသုံးပြု၍ စားဖိုဆောင် ဟင်းသီးဟင်းရွက်ပင်များဖြစ်သည့် မုန်လာဥ၊ ဘိုစားပဲ၊ ပဲတောင့်ရှည်ပင်နှင့် ငရုတ်ပင်များကို မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသဖြင့် နေ့စဉ် ပုံမှန်ဝင်ငွေရရှိနေကြောင်း ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးရောင်းချသူ တောင်သူ ဒေါ်မြင့်မိုး ထံမှ သိရသည်။
စားဖိုဆောင် ဟင်းသီးဟင်းရွက်ပင်များ၊ ငရုတ်သီးပင်များကို ရာသီအလိုက် အချိန်မီ စိုက်ပျိုးကြပြီး မြေအောက်ရေကို အသုံးပြုကာ စားဖိုဆောင်သီးနှံများကို စနစ်တကျ စိုက်ပျိုးပြီး သီးနှံပေါ်ချိန်၌ စျေးကောင်းလည်းရရှိပြီး အထွက်နှုန်းလည်း ကောင်းသဖြင့် နေ့စဥ် တစ်ရက် ဝင်ငွေ ကျပ် ၅၀၀၀၀ မှ ၁၀၀၀၀၀ ထိ ရရှိကြောင်းသိရသည်။
ဒေသခံ တောင်သူများအနေဖြင့် ကလိုင်းကနိုင်ကျေးရွာ လယ်မြေနှင့် ခြံဝင်းများတွင် သခွားသီး၊ ဗူးသီး၊ မုန်လာဥ၊ ငရုတ်ပင်၊ ကန်စွန်းပင် စသည်တို့ကို အများအပြားစိုက်ပျိုးသူ လည်းရှိသဖြင့် မိသားစု ဝင်ငွေတိုးရေးအထောက်အကူဖြစ်စေကြောင်း စိုက်ပျိုးရောင်းချသူ ဒေါ်မြင့်မိုးက ပြောသည်။
DOCA(မွန်)