ကြံခင်းမြို့နယ်ရှိ ကွမ်း ဈေးနှုန်းဈေးကွက်

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်တွင် ကွမ်းကို တစ်နိုင်တစ်ပိုင် အနေဖြင့်သော် လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပြီး မိုးစိုက်နှင့်ဆောင်းစိုက် ဟူ၍ စိုက်ပျိုး ကြရာ မိုးရာသီစိုက်ပျိုးမှုမှာ ပိုးကျလွယ်ပြီး ပျက်စီးဆုံးရှုံးမှုများသဖြင့် ဆောင်းရာသီစိုက်ပျိုးမှုကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း၊ ကြံခင်းမြို့နယ်အနေဖြင့် ကွမ်းစိုက်ဧက ၁၆၀ ဧက ရှိကြောင်း မြေစာရင်း ဦးစီးဌာနမှသိရသည်။

          ကွမ်းကိုစိုက်ပျိုးရန်အတွက် ကွမ်းမျိုးဖြစ်သည့် ဗမာကွမ်း(ရိုးစိမ်း)နှင့် ကွမ်းနုဝါ(ရိုးဝါ)တို့ကို ကွမ်းညွန့်တစ်ညွန့်လျှင် လက်ကားဈေး ငွေကျပ် ၃၅၀-၄၀၀ ကျပ်ခန့်ဖြင့် မြို့နယ်တွင်း ကွမ်းညွှန့်မျိုး သီးသန့် ရောင်းသည့် ခြံများမှ ဝယ်ယူကာ တစ်ဧက၏ လေးပုံတစ်ပုံခန့် ၀.၂၅ ဧက အကျယ်ရှိ ကွမ်းခြံ၌ ကွမ်းအညွန့် ၃၀၀၀-၃၅၀၀ ခန့် စိုက်ပျိုးကြပါသည်။ မျိုးအနေဖြင့် ကွမ်းနုဝါမျိုးကို အများဆုံး စိုက်ပျိုးကြပြီး၊ ကွမ်းကို စိုက်ပျိုးပြီး ၅-၆ လခန့်အကြာတွင် စတင်ခူးဆွတ်နိုင်ပါသည်။  နေရာဒေသ၊ မြေအနေအထားနှင့် ကွမ်း မျိုးကောင်း မျိုးသန့်အပေါ်မူတည်၍  ၃ နှစ်မှ ၄ နှစ်အထိ ခူးဆွတ် ရရှိနိုင်ကြောင်း၊  စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧက၏ လေးပုံတစ်ပုံခန့် ၀.၂၅ ဧကလျှင် ငွေကျပ် ၂၅ သိန်းခန့် ကုန်ကျကြောင်းသိရှိရပါသည်။ အထွက်နှုန်း အနေဖြင့် ကွမ်းရွက်ကို ၁၀ ရက်ခြား တစ်ကြိမ် ခူးဆွတ်ရပြီး တစ်ကြိမ် ခူးဆွတ်လျှင် ၂၅ - ၅၀ ပိဿာခန့် ထွက်ရှိ၍ တစ်လလျှင် ပိဿာချိန် ၁၀၀ - ၁၅၀ ခန့် ထွက်ရှိရာ ကွမ်းပင်များ ဖြစ်ထွန်း အောင်မြင်မှုအပေါ် မူတည်၍ အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ ဈေးနှုန်း ဈေးကွက်အနေဖြင့် ဇန်နဝါရီလ ဒုတိယပတ်တွင် လက်ကားဈေး ကွမ်းရွက် ရိုးစိမ်းတစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀-၅၀၀၀ နှုန်း ၊ကွမ်းနုဝါ တစ်ပိဿာလျှင် ငွေကျပ် ၅၀၀၀-၆၀၀၀နှုန်းဖြင့် ကြံခင်းမြို့ပေါ်ရှိ လက်လီ/လက်ကား အရောင်းဆိုင်များသို့ တင်ပို့ရောင်းချရပါသည်။ ဟင်္သာတမြို့၊ ဥသျှစ်ပင်မြို့၊ နေပြည်တော်မြို့တို့ရှိ ကွမ်းဒိုင် များသို့လည်း တင်ပို့ကြောင်း၊ အအေးဓာတ်ဝင်လျှင် ကွမ်းအထွက်နှုန်း နည်းသွားသည့် အတွက် ဆောင်းတွင်းကာလများတွင် ဈေးနှုန်းအနည်းငယ်မြင့်တက်လာနိုင်မည် ဖြစ်ကြောင်း ကွမ်း စိုက်တောင်သူများထံမှသိရှိရပါသည်။

DOCA(ဧရာဝတီ)