အုန်းပင်ကို မြန်မာနိုင်ငံအနှံ့အပြားနှင့် ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာ အများအပြား ပေါက်လေ့ရှိပါသည်။ မန္တလေးမြို့အတွင်းသို့ ဧရာဝတီတိုင်းမှ အုန်းသီးများဝင်ရောက်လျှက်ရှိပြီး လမ်းဘေး ဈေးသည်များမှ ရောင်းချလျှက်ရှိကြောင်းသိရသည်။ အုန်းသီးကို စားသုံးခြင်းအားဖြင့် သွေးဖောက်ပြန်ခြင်း၊ ဖောရောင်ခြင်းတို့ကို သက်သာစေပြီး အမောခံနိုင်ခြင်း, အသားအရေလှပခြင်း စသည့် အကျိုးကျေးဇူး များကိုလည်း ရရှိနိုင်ကြောင်း သိရှိရသည်. အုန်းရည်မှာ ကျန်းမာရေးအတွက်လည်း အထူးသင့်လျော်ပြီး သဘာဝအသီးဖျော်ရည် တစ်မျိုးလည်းဖြစ်သည်။ အုန်းစိမ်းရည်တွင် ပိုတက်စီယမ်ကြွယ်ဝစွာပါဝင် သောကြောင့် အားအင်များကို ပြန်လည်ဖြည့်တင်းပေးခြင်း၊ သွေးအားကောင်းစေခြင်းနှင့် ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်မှုများကိုလည်း သက်သာစေပါသည်။ အချို့မှာ အုန်းသီးဆံအစိမ်းကို ကွမ်းယာများထဲတွင် ထည့်၍ စားသုံးကြကြောင်း၊ အုန်းသီးဆံကိုခြစ်၍ ကြော်ပြီးလည်း ထိုးမုန့်, ရွှေကြည်ဆနွင်းမကင်းများပေါ်သို့ ဖြူး၍လည်း အသုံးပြုလေ့ရှိသည်။ အုန်းသီးဆံကို ညစ်ပြီးရရှိသော အုန်းနို့များကိုလည်း အုန်းနို့ကျောက်ကျော၊ အုန်းထမင်းနှင့် အစားအသောက်အမျိုးမျိုး ပြုလုပ် စားသောက်ကြသည်။ အုန်းသီးဆံကို နေပူလှမ်းအခြောက်ခံပြီးကြိတ်ကာ အုန်းဆီအဖြစ်ပြုလုပ်ရောင်းချ ကြပြီး ဈေးကွက်ကောင်းလျှက်ရှိပါသည်။ အုန်းသီးကို ဘုရားပွဲ၊ တရားပွဲ၊ ကန်တော့ပွဲများ ပြင်ဆင်ရာတွင် အသုံးပြုကြသလို မိရိုးဖလာ ကန်တော့ပွဲများတွင်လည်း အုန်းသီးကို ထည့်သွင်းအသုံးပြုကြသည်။ အုန်းစိမ်းရည်သောက် အုန်းသီးတစ်လုံးလျှင် ၃၀၀၀/၃၅၀၀ ကျပ်အထိ ရောင်းချကြပြီး ဘုရား ကန်တော့ပွဲများနှင့် ရိုးရာကန်တော့ပွဲများတွင် အသုံးပြုသော အုန်းသီးဈေးနှုန်းမှာ တစ်လုံးလျှင် ၄၀၀၀/၆၀၀၀ ကျပ်အထိ ရောင်းချနေကြောင်း အုန်းသီးငှက်ပျောရောင်းချသူများထံမှ သိရှိရသည်။
DOCA(မန္တလေး)