စားသောက်ကုန်အလှကုန်နှင့် လူသုံးကုန်အတွက် ရှားစောင်းလက်ပတ်ဈေးနှုန်းဈေးကွက်

Powered by Drupal

ရှားစောင်းလက်ပတ်ပင်သည် အာဖရိကနှင့် မက်ဒီတာရေးနီးယန်းဒေသများတွင် စတင် ပေါက်ပွားသော အပင်ဖြစ်သည်။ လီလီရေးစီးဟု ခေါ်တွင်သော အပင်မျိုးရင်းဝင် တစ်ခုဖြစ်ပြီး အိန္ဒိယ၊ တရုတ်၊ သြစတေးလျ၊ အာဖရိက၊ မက်ဆီကန်နှင့် ယူအက်စ်အေတို့တွင် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ကြသည်။ ကမ္ဘာပေါ်တွင် ရှားစောင်းလက်ပတ်မျိုးစိတ်ပေါင်း (၅၀၀) ခန့်ရှိပါသည်။ ရှားစောင်းလက်ပတ်သည် မြန်မာနိုင်ငံ၌ နေရာအနှံ့အပြားတွင် စိုက်ပျိုးပေါက်ရောက်သော်လည်း အထူးသဖြင့် အပူပိုင်းဒေသတွင် ပိုမိုဖြစ်ထွန်းသည်။ မြန်မာပြည်၌ရှိသော ရှားစောင်းလက်ပတ်ပင်၏ ယေဘူယျသဏ္ဍာန်မှာ အရည်ရွှမ်းသော ပင်ပျော့ ပင်ငယ်မျိုးဖြစ်ပြီး အမြင့်(၁)ပေမှ (၁.၅)ပေ အထိမြင့်သည်။ စိုက်ပျိုးပြီး (၂)နှစ်မြောက်မှစ၍ ခူးဆွတ်နိုင်သည်။  

                        ရှားစောင်းလက်ပတ်သည် အလှအပနှင့် အရေပြားကျန်းမာရေးအတွက် အထူး ကောင်းမွန်သည်။ အလွယ်တကူဝယ်၍ရခြင်းကြောင့် ကိုယ်တိုင်ပြုလုပ်ဖို့လည်းလွယ်ကူပါသည်။ ရာသီမရွေး အသုံးပြုနိုင်ပြီး ရှားစောင်းလက်ပတ်မှရသည့်အနှစ်မှာ အရေပြားကို အေးမြစေပြီး အရေပြားနီမြန်းခြင်း၊ ရောင်ရမ်းခြင်း တို့ကို သက်သာစေပါသည်။ ရှားစောင်းလက်ပတ်မှရသည့် အနှစ်များမှာ အသားအရေကို အစိုဓာတ်ထိန်းပေးသည့်အပြင် အသားအရေအမျိုးအစားများအားလုံးအတွက် အသုံးပြု၍ရပါသည်။       

                   ရှားစောင်းလက်ပတ်မှရသည့် အနှစ်များသည် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်သည့် ဒဏ်ရာများကို အမြန်ဆုံးသက်သာစေပါသည်။ အသားအရေကိုနုပျိုကျန်းမာစေသည့် Vitamin C, Vitamin E, Vitamin A အပြင် antioxidant ဓာတ်ပေါင်းများစွာပါဝင်သည့်အတွက် အသားအရေကို တင်းရင်းစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးပြီး ဝက်ခြံ၊ တင်းတိပ်များကိုလည်း ပျောက်ကင်းစေပါသည်။ ကျား၊ မ အသက်အရွယ်မရွေး အသုံးပြု၍ရပြီး ဆေးဖက်ဝင်အပင်တစ်မျိုး ဖြစ်ပါသည်။ ဆီး၊ ဝမ်း၊ သွေး၊ လေမှန်စေပြီး ကျန်းမာစေပါသည်။ ထို့အပြင် အမိုင်နိုအက်ဆစ်၊ အဆီဓာတ်၊ သက်စောင့်ဓာတ်နှင့် ကိုယ်ခံအားကောင်းစေပြီး နှလုံးကိုကောင်းမွန်စေကာ အဆိပ်အတောက်ကို ပြေစေသည့် အစွမ်းသတ္တိများရှိသည်။ ရှားစောင်းလက်ပတ်ကို ထန်းလျက်၊ ပျားရည်တို့ဖြင့် ကျိုချက်စားပါက အမျိုးသမီးများအသားအရေလှပသည့်အပြင် မီးယပ်ရောဂါများအတွက်လည်း အသုံးဝင် လှပေသည်။

                   ရှားစောင်းလက်ပတ်၏အနှစ်သည် ကိုယ်ခန္ဓာအတွက်သာမက ဦးရေပြားကို ကျန်းမာစေပြီး ဆံပင်များကိုနက်မှောင်သန်စွမ်းလာစေပါသည်။  ထို့အပြင် ဦးရေပြားရှိဗောက်များကိုလည်း ရှင်းပေး နိုင်ပါသည်။ ရှားစောင်းလက်ပတ်ကိုအသုံးပြု၍ ဆေးဝါးများကို ထုတ်လုပ်နိုင်သည့်အပြင် Juice, Shampoo , Hair Coat ,  Hair Cream, Conditioner, Shower ,Soap, Facial Foam, Eye Cream , Moisturizer Cream, Smoothing  Gel , Lotion စသည့် ကျန်းမာရေးနှင့်ကိုက်ညီသော စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်များကိုလည်း ထုတ်လုပ်လာကြပါသည်။

                   ယခုနှစ် ဇန်နဝါရီလတွင် ဈေးကွက်အတွင်း၌ အရွယ်အစားအလိုက် ရှားစောင်းလက်ပတ် တစ်ပိဿာလျှင် ၁၂၀၀ကျပ်မှ ၂၀၀၀ကျပ်အထိ ရောင်းချလျက်ရှိသည်ဟုသိရပါသည်။ ရှားစောင်း လက်ပတ်သည် နိုင်ငံတကာတွင် ဈေးကွက်ဝင်သော  အပင်တစ်မျိုးဖြစ်သည့်အပြင် ဆေးဖက်ဝင် သောကြောင့် တောင်သူများအနေဖြင့် စီးပွားဖြစ်စိုက်ပျိုးသင့်ပြီး အိမ်တွင်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုး သင့်ပါကြောင်း ရေးသားလိုက်ရပေသည်။

DOCA(မန္တလေး)