စစ်ကိုင်းမြို့မှ မြန်မာ့ရိုးရာစားစရာ မုန့်ဟင်းခါးခြောက်

Powered by Drupal

         မြန်မာလူမျိုးများ၏ ဒေသရိုးရာအစားအစာ နံနက်စာအဖြစ်လည်းကောင်း၊ အလှူအတန်းများတွင်လည်းကောင်း မုန့်ဟင်းခါးကို ဟင်းရည်ဖြင့်(သို့မဟုတ်)အသုတ်အဖြစ် စားသုံးကြပါသည်။ မုန့်ဟင်းခါးဖတ်အား ကြာရှည်အထားခံပြီး အလွယ်တကူ ချက်ပြုတ်စားသုံးနိုင်ရန်အတွက် မုန့်ဟင်းခါးခြောက်ဖတ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ စတားလိုက် မုန့်ဟင်းခါးခြောက်လုပ်ငန်းသို့     မေလ ၁၇ ရက်နေ့က စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ သွားရောက်၍ ဈေးကွက်၊ ဈေးနှုန်းအခြေအနေများ ဆွေးနွေးမေးမြန်းခဲ့ပါသည်။

          မုန့်ဟင်းခါးခြောက်ထုတ်လုပ်ရာတွင် ဆန်နှင့်ရေကို အဓိကကုန်ကြမ်းအဖြစ် အသုံးပြုကြောင်း၊ ပထမဦးစွာ ဆန်(အလတ်)များကို တစ်ရက်ထုတ်လုပ်မှုအတွက် ဆန်အိတ် ၂၀ အိတ် အား (၂) နာရီခန့် ရေစိမ်ထားရကြောင်း၊ ရေစိမ်ပြီးသောဆန်များကို ၂ ကြိမ် မှ ၃ ကြိမ်အထိ ရေဆေးရကြောင်း၊ ရေဆေးပြီးဆန်များကို  မုန့်ကြိတ်ပြီး မုန့်နှစ်များကို ရေစစ်၍ မုန့်ဟင်းခါးဖတ် ထွက်လာအောင် ညှစ်ရကြောင်း၊ ရလာသည့်မုန့်ဖတ်များကို လျှော်ရကြောင်း၊ လျှော်ပြီးသား မုန့်ဖတ်များကို တစ်ရက် နေလှန်းရကြောင်း၊ ခြောက်သွေ့လာသော မုန့်ဖတ်ခြောက်များကို ထုတ်ပိုးပြီးသည့်အခါ ဈေးကွက်သို့ပို့ရန် အသင့်ဖြစ်ကြောင်း သိရှိရသည်။

          ဆန်(အလတ်)ကုန်ကြမ်းများကို မြန်မာပြည်အောက်ပိုင်းမှ အများဆုံးဝယ်ယူပြီး၊ မုန့်ဟင်းခါးခြောက် ကုန်ချောများကို ဒေသတွင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းများသို့ တင်ပို့ရောင်းချကြောင်း၊ တစ်ရက်လျှင်ကုန်ကြမ်း ဆန်(အလတ်) ၂၀ အိတ်ခန့် အသုံးပြုပြီး ကုန်ချော ၂၅ ကျပ်သားအထုပ် ၂၃၀၀ ခန့်ထွက်ရှိကြောင်း၊ ကုန်ချော ၂၅ ကျပ်သား တစ်ထုပ်လျှင် ၅၀၀ ကျပ်ဖြင့် လည်းကောင်း၊ ၂၅ ကျပ်သား (၅၀) ထုပ်ပါ တစ်အိတ်လျှင် ၂၀၀၀၀ ကျပ်ဖြင့် လည်းကောင်း ရောင်းချကြောင်း၊ အားသာချက်အနေဖြင့် အလွယ်တကူ စားသုံးနိုင်ပြီး၊ အားနည်းချက်အနေဖြင့် မိုးရာသီတွင် လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲရှိကြောင်း စတားလိုက် မုန့်ဟင်းခါးခြောက်လုပ်ငန်းရှင် ဦးခင်မောင်ထွေးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)