မုံရွာမြေပဲဈေးကွက်နှင့် မြေပဲဆီရောင်းဝယ်မှု အခြေအနေ

Powered by Drupal

             ယခုနှစ် မတ်လအတွင်းက ထွက်ရှိခဲ့သည့် ဆောင်းမြေပဲများမှာ ယခုတစ်ပတ်အတွင်းမုံရွာ ဈေးကွက်သို့ နယ်အဝင်များခဲ့သလို အရောင်းအဝယ်လည်းဖြစ်ခဲ့ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။ မေလဆန်းပိုင်းမှစ၍ မြန်မာနိုင်ငံသို့ စားအုန်းဆီ အဓိကတင်သွင်းနေသည့် အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီပြတ်လပ်မှုကို လျော့ချရန်နှင့် ဈေးနှုန်းများထိန်းထားနိုင်ရန်အတွက် ပြည်ပနိုင်ငံများသို့ စားအုန်းဆီတင်ပို့ရောင်းချမှုအား ရပ်ဆိုင်းခဲ့ပြီးနောက် ပြည်တွင်းစားအုန်းဆီ ဈေးနှုန်းများ မြင့်တက်လာသည့်နှင့် အမျှဒေသတွင်းမှ ကြိတ်ခွဲထွက်ရှိသည့်မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီဈေးနှုန်းများလည်း အနည်းငယ်စီမြင့်တက်ခဲ့ကြောင်း ဆီကုန်သည်များထံမှ လေ့လာသိရှိရသည်။

         ဈေးကွက်အတွင်း၌ စားအုန်းဆီဈေးနှုန်းနှင့်ဒေသတွင်းမှ ထွက်ရှိသည့်မြေပဲဆီ၊ နေကြာဆီများ  ဈေးနှုန်းကွာဟမှု နည်းပါးလာခြင်းများကြောင်းလည်း မြေပဲဆီ၊ နေကြာဆီများကို ဝယ်ယူစားသုံးမှု ပိုမိုများပြားလာသလို ကျန်းမာရေးနှင့်လည်း ပိုမိုညီညွတ်သည့်အတွက် ဝယ်ယူသုံးစွဲမှုပိုမိုများပြားလာခြင်းဖြစ်ကြောင်း၊ ဝယ်ယူသုံးစွဲမှုများပြားလာသည့်နှင့် အမျှမြေပဲဆီရောင်းအားမှာလည်း တစ်ရက်ထက်တစ်ရက် မြင့်တက်ခဲ့ကြောင်း၊ လက်ရှိဈေးကွက်အတွင်း၌ မြေပဲဆီတစ်ပိဿာ ပုံးမပါ(၈၀၀ဝိ/-)၊ ပုံးပါ(၈၅၀ဝိ/မှ ၉၀၀ဝိ/-)နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင်လဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာ (၅၀ဝိ/-) ခန့်ဈေးတက်ခဲ့ကြောင်း ဆီကုန်သည်များထံမှ သိရှိရပါသည်။

         ဒေသတွင်းဆီစက်များမှလည်း ကုန်ကြမ်းဝယ်ယူမှု များပြားနေ့သည့်အတွက် နယ်အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လက်ရှိမုံရွာဈေးကွက်အတွင်းသို့ ယင်းမာပင်၊ ကနီ၊ ချောင်းဦးနှင့် မြောင်နယ်များမှ အဝင်များလျက်ရှိပြီး မိုးမြေပဲစိုက်ပျိုးရန်အတွက် မျိုးအဖြစ် ဝယ်ယူမှုများလည်းရှိနေသည့်အတွက် အရောင်းအဝယ်သွက်လျှက်ရှိကြောင်း၊ ပြီးခဲ့သည့်ဧပြီလက မြေပဲဆံတစ်ပိဿာ(၃၅၀၀) မှ (၃၉၀၀) ပေါက်ဈေးရှိခဲ့ရာ ယခုမေလ တတိယပတ်အတွင်း၌ မြေပဲဆံ တစ်ပိဿာ (၃၈၅၀) မှ (၄၁၀၀) ထိ ဈေးနှုန်းဖြစ်ပေါ်ခဲ့ပြီး တစ်ရက်လျှင် အိတ် (၅၀၀) ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဒေသတွင်းဆီစက်များနှင့် မြေပဲစာလှော်လုပ်ငန်းများမှ ကုန်ကြမ်းဝယ်ယူ စုဆောင်းမှုများရှိသလို မန္တလေးနှင့် ပခုက္ကူမြို့များသို့လည်း တင်ပို့မှုများရှိကြောင်း ကုန်သည်များ၏ ဆွေးနွေးပြောကြားချက်အရ သိရှိရပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)