ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် မိုးစပါးစိုက်ဧက(၁၁၇၅၁၂)ဧက စိုက်ပျိုးပြီး၊သီးထပ်အဖြစ် မတ်ပဲ၊ပဲအမျိုးမျိုး၊အစေ့ထုတ်ပြောင်းနှင့် နွေစပါးတို့ကိုစိုက်ပျိုးကြ ပါသည်။ ၂၀၂၄ ခုနှစ်တွင် မြန်အောင်ခရိုင်၌ နွေစပါးစိုက်ဧက(၃၇၃၄၄)ဧက စိုက်ပျိုးပြီး၊ အင်္ဂပူမြို့နယ်တွင် (၂၆၂၀၃)ဧက စိုက်ပျိုးပါသည်။ အင်္ဂပူမြို့နယ်တွင် နွေစပါးကို ထိုင်းရက်(၉၀)၊ နယူးဧရာ(၁)၊ GW 11 စသော စပါးမျိုးများကို အဓိကစိုက်ပျိုးကြကြောင်းသိရသည်။
ယခုအခါ နွေစပါးစိုက်တောင်သူများအနေဖြင့် မြေပြင်ထွန်ယက်စိုက်ပျိုးကြရာ သီးနှံထွက် ပေါ်ချိန် မိုးလွတ်လေလွတ် ရိတ်သိမ်းနိုင်ရန်အတွက် သက်ယဉ်စပါးမျိုးကိုသာ စိုက်ပျိုးကြပါသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ဒေသတွင်း ဆည်ရေလွှတ်ရာနေရာများတွင် ဆည်ရေသောက်နွေစပါးများကို စတင်စိုက်ပျိုးလျက်ရှိပါသည်။ နွေစပါး စိုက်ပျိုးမှု(၁)ဧက မျိုးအနေဖြင့် ၂ တင်းစိုက်ပျိုးရပြီး၊ မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် ၈ သိန်းကျပ်ခန့်ကုန်ကျပါသည်။ နွေစပါးသည် နေရောင် ခြည်ကောင်းစွာရရှိသောကြောင့် အစေ့အဆံများ အောင်မြင်ဖြစ်ထွန်းကာ မိုးစပါးထက်အထွက်နှုန်း ပိုကြောင်းသိရှိရပါသည်။ နွေစပါးပေါ်ချိန်တွင်လည်း ဈေးနှုန်းကောင်းမွန်ပါက တောင်သူများ အကျိုး အမြတ်ပိုမိုရရှိမည်ဖြစ်ကြောင်း နွေစပါးစိုက်ပျိုးသူ ဒေသခံတောင်သူများထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)