ဆီးသီးပင်ကို မြန်မာနိုင်ငံဒေသအနှံအပြားတွင် တွေ့မြင်နိုင်သည်။ ဆီးသီးတွင် ဆီးချိုသီး ၊ ဆီးချဉ်သီး ၊ ဆီးပန်းသီး ၊ ဆီးကြက်ဥ ၊ ဆီးပုလဲသီး၊ စလေဆီးသီး စသည်ဖြင့် အမျိုးအစား များစွာ ရှိပါသည်။ ဆီးချဉ်သီးပင်သည် အလေ့ကျ ပေါက်ပင်မျိုး ဖြစ်ပြီး အခြားဆီးသီးမျိုးများ သည် ကိုင်းကူး၍မျိုးပွား စိုက်ပျိုးကြခြင်းဖြစ်ပါသည်။ ဆီးသီး ကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ ဧကလိုက် စီးပွားဖြစ် စိုက်ပျိုးလာကြပြီး ဈေးကွက် ကောင်းလျက်ရှိပါသည်။မန္တလေးတိုင်းအတွင်း၌စဉ့်ကိုင် ၊ ပုလိပ် ၊ပုသိမ်ကြီးမြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြပြီး ကျန်ဒေသများတွင်လည်း အနည်းငယ် စိုက်ပျိုးကြကြောင်း သိရှိရသည်။ ဆီးသီးသည် တစ်နှစ်မှ တစ်ခါပေါ်သော ရာသီစာ သီးနှံ့လည်း ဖြစ်သည်။ ဒီဇင်ဘာလအတွင်းမှ စတင်ထွက် ပေါ်ခဲ့ပြီး ဇန်နဝါရီလအတွင်း၌ အသီးများရင့်မဲ့ကာ လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ပါသည်။ ဈေးကွက်အတွင်း၌ အများအပြား ရောင်းချနေကြောင်း တွေရှိရသလို လမ်းဘေးဆိုင်တန်း များတွင်လည်း ရောင်းခလျက်ရှိကြောင်းသိရှိရသည်။ မန္တလေး ကျောက်ဆည် လမ်းဘေးဝဲရာ တစ်လျောက် ပလိပ် ၊ စဉ့်ကိုင်မြို့များနှင့် ထုံဘိုပြင်ဦးလွင်လမ်းတစ်လျောက် ဈေးဆိုင်တန်း များတွင်လည်း ရောင်းချလျက်ရှိပါသည်။ ပုသိမ်ကြီးမြို့နယ် ကုလားကြီးရွာ ခြံဆီးသီးသည် နာမည်ကြီးဖြစ်ပါသည်။ အရည်ရွှမ်းပြီး ချိုမွှေး၍အရသာကောင်းမွန်ပါသည်။ ဆီးသီးကို ဆီးချိုသီးယို ၊ ဆီးချဉ်သီးယို ၊ ဆီးချိုသီးပေါင်း ၊ ဆီးချဉ်သီးပေါင်း ၊ ဆီးပြား ပြုလုပ်၍ တံဆိပ်အမျိုးမျိုးဖြင့် ဈေးကွက်အတွင်း၌ ရောင်းချလျက်ရှိပါသည်။ ဆီးဖျော်ရည် ထုပ်လုပ်၍ လည်း ရောင်းချလျက်ရှိသောကြောင့် (SME)လုပ်ငန်းများအတွက် ဆီးသီးသည် မရှိမဖြစ် လိုအပ်သော အဓိကကုန်ကြမ်းအဖြစ်လည်း အသုံးဝင်လျက်ရှိပါသည်။ ဈေးကွက်အတွင်း၌ စလေဆီးသီး တစ်ပြည်လျှင် (၄၀၀၀ )ကျပ် တစ်ဗူးလျှင် (၅၀၀)ကျပ်၊ ဆီးပန်းသီး တစ်ပြည်လျှင်(၆၀၀၀)ကျပ် တစ်လုံးလျှင်(၂၅၀)ကျပ်၊ ဆီးကြက်ဥ တစ်ပြည်လျှင် (၄၀၀၀)ကျပ် တစ်ဗူးလျှင်(၅၀၀)ကျပ် ၊ ဆီးပုလဲသီး တစ်ပြည်လျှင်(၄၀၀၀)ကျပ်၊ တစ်ဗူးလျှင်(၅၀၀)ကျပ်၊ဆီးချဉ်သီးတစ်ပြည်လျှင် (၄၀၀၀)ကျပ်တစ်ဗူးလျှင်(၅၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက် ရှိကြောင်း သစ်သီးမျိုးစုံရောင်းဝယ်လျက်ရှိသော ဆိုင်မှသိရှိရသည်
DOCA(မန္တလေး)