ပြည်တွင်းစားဆီကြိတ်ခွဲမှုတွင် အရေးပါသည့်ဆီထွက်သီးနှံနှမ်းမှာ ပြည်တွင်းစားသုံးခြင်းနှင့် ပြည်ပတင်ပို့သည့်စျေးကွက်ရရှိထားသော အမယ်တစ်ခုဖြစ်ပြီး၊မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှာ အဓိကစိုက်ပျိုးလျက်ရှိကြောင်းသိရပါတယ်။ မန္တလေး တိုင်းဒေသကြီးအတွင်း အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်တို့တွင် နှမ်းသီးနှံကို နွေနှမ်း၊ မိုးနှမ်း နှင့် ဆောင်းနှမ်း (မိုးနှောင်းနှမ်း)အဖြစ် စိုက်ပျိုးလျက်ရှိပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် နှမ်းသီးနှံအနေဖြင့် စိုက်ပျိုးမှု(၉၆၂၃၂၈)ဧက၊ရိတ်သိမ်း (၈၈၉၄၂၈)ဧကနှင့် ထွက်ရှိမှု (၃၉၆၂၈၆၉)တင်းဖြစ်ကြောင်း သိရပါတယ်။ နှမ်းသီးနှံသုံးစွဲမှုများမှာ စားဆီကြိတ်ခွဲ၍ နှမ်းဆီ အဖြစ်စားသုံးခြင်း၊ နှမ်းလှော်ဆီမွှေး၊ နှမ်းယို၊ နှမ်းဖတ်၊ နှမ်းလှော်နှင့် သရေစာမုန့် အမျိုးမျိုး တို့တွင် သုံးစွဲကြောင်းတွေ့ရပါတယ်။ နှမ်းသီးနှံမှာ ပရိုတင်းဓာတ်များစွာ ပါဝင်ပြီး၊ ဆေးဖက်ဝင် ကြောင်း သိရပါတယ်။ နိုင်ငံတော်မှ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများအား စားဆီကြိတ်ခွဲ၍ ပြည်တွင်းစားဆီဖူလုံမှုရှိစေရန်နှင့်စားအုန်းဆီတင်သွင်းမှု လျော့ချတင်သွင်းနိုင်ရန် အတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ဒေသအသီးသီးမှ ထွက်ရှိသည့်ပဲ၊ ပြောင်း၊နှမ်းသီးနှံမျိုးစုံဝင်ရောက်လျက်ရှိသည့်မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော် အသင်းတွင် ဇန်နဝါရီလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်အမျိုးအစားအလိုက်ပေါက်စျေး များမှာ နှမ်း ၃ တင်းဝင်အိတ်(၄၅ ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ(ဗမာ)၃၅၀၀၀ဝိ/- နှင့် ၃၆၀၀၀ဝိ/-နှမ်းညို(သစ်) ၃၀၅၀၀ဝိ/-နှင့် ၃၂၀၀၀ဝိ/-၊နှမ်းနက်(စမုံ) ၆၆၀၀၀ဝိ/- နှင့် ၇၀၀၀၀ဝိ/-၊ ပန်းနှမ်း ၂၃၀၀၀ဝိ/-နှင့် ၂၃၅၀၀ဝိ/-၊ နှမ်းဖတ်တစ်ပိဿာလျှင် ၄၈၀ဝိ/-နှင့် ၄၉၀ဝိ/-တို့ အသီးသီး ဖြစ်ပေါ်လျက်ရှိပြီး၊ စျေးနှုန်းအနေဖြင့် ရက်အလိုက်အနည်းငယ်ပြောင်းလဲမှုရှိနိုင်ကြောင်း သိရပါ တယ်။ နှမ်းသီးနှံပေါက်စျေးအနေဖြင့် ဇန်နဝါရီလတတိယပတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်သာ ပြောင်းလဲမှုရှိကြောင်း သိရပါတယ်။ ဆီထွက်သီးနှံနှမ်းသီးနှံမှာ စားသုံးဆီကြိတ်ခွဲလုပ်ငန်းနှင့် သရေစာ အမျိုးမျိုးတို့တွင် သုံးစွဲခြင်းတို့ကြောင့် ပြည်တွင်းစျေးကွက်တွင် အရောင်းသွက်လျှက်ရှိပြီး၊ ပြည်ပ တင်ပို့သည့်သီးနှံတစ်မယ် ဖြစ်ကြောင်း သိရပါတယ်။
DOCA(မန္တလေး)