မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်တွင် ပဲမျိုးစုံသီးနှံ မြို့နယ်အလိုက် စိုက်ပျိုးကြပြီး ပြည်ပ ပို့ကုန်တစ်မျိုးဖြစ်သည့် ပဲစိမ်းငုံ သီးနှံကို သီးသန့်စိုက်ပျိုးခြင်း၊ နှမ်းသီးနှံနှင့်လည်း သီးညှပ် အဖြစ် ရွှေဒင်္ဂါး မျိုးများကို အများဆုံး စိုက်ပျိုးကြပါသည်။
ပဲစိမ်းငုံကို မေလနှင့်ဇွန်လများတွင်စိုက်ပျိုးကြပြီး ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိတ္ထီလာ မြို့နယ်၌ ပဲစိမ်းငုံစိုက်ဧက (၃၆၃၄၆)ဧက၊ မလှိုင်မြို့နယ်တွင်(၆၉၅၀၄)ဧက၊ သာစည်မြို့နယ်တွင် (၂၁၅၆)ဧက၊ ဝမ်းတွင်းမြို့နယ်တွင်( ၆၅၇) ဧက စုစုပေါင်း (၁၀၈၆၆၃)ဧကစိုက်ပျိုးထားကြောင်း စိုက်ပျိုးရေးဦီးစီးဌာနစာရင်း အရသိရပါသည်။ ပဲစိမ်းငုံ စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မြေပြု ပြင်ခြင်း၊ မျိုးစေ့၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧက စုစုပေါင်း (၂၈၀၀၀၀) ကျော် ကုန်ကျစရိတ်ရှိကြောင်း သိရှိရပါသည်။
မိတ္ထီလာခရိုင်တွင် ဇန်နဝါရီလဆန်းပိုင်းမှစ၍ ပဲစဉ်းငုံသစ်များစတင်ထွက်ပေါ်လာပြီး တောင်သူ များမှ မြို့ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက်ရောင်းချကြကြောင်း၊ ယခု ဇန်နဝါရီလ လတွင် မြို့ပေါ်ရှိပွဲရုံများ၌ မိတ္ထီလာ၊မလှိုင်၊သာစည်မြို့နယ်များမှ ပဲစိမ်းငုံသစ်များ တစ်ရက်လျှင် (၃၀)ပိဿာဝင်အိတ် (၁၀၀)မှ (၅၀၀)အထိ အဝင်ရှိပြီး ဇန်နဝါရီလကုန်ပိုင်းတွင်းဈေးကွက် အတွင်း လှိုင်လှိုင်ဝင်လာနိုင်ပြီး၊ လက်ရှိ ပွဲရုံဈေး ပဲစိမ်းငုံတစ်တင်းလျှင် (၉၀၀၀၀)ကျပ်ဈေးဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ မြို့ပေါ်ပွဲရုံ များမှရန်ကုန်မြို့သို့အဓိကတင်ပို့ ရောင်းချကြ ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)