မြင်းခြံမြို့မှ MSME မုန့်ကြွပ်ကြော်လုပ်ငန်း

Powered by Drupal

          မြင်းခြံမြို့မှာ ရောင်းချလျက်ရှိသော မုန့်တီ၊ မုန့်ဟင်းခါး၊ နန်းကြီးသုပ်၊ ခေါက်ဆွဲသုပ်၊ ရွှေတောင်ခေါက်ဆွဲ၊ အုန်းနို့ခေါက်ဆွဲ၊ နို့စိမ်းခေါက်ဆွဲတွေမှာ မပါမဖြစ် နေရာယူထားသည့် အရသာ ဆိမ့်ဆိမ့် ကြွပ်ကြွပ်ရွရွ ပါဝင်ပစ္စည်းတစ်မျိုးမှာ မုန့်ကြွပ်ကြော်ဖြစ်သည်။ မုန့်ကြွပ်ကြော်ကို နံနက်ခင်း နှင့်ညနေခင်းတို့တွင်ရောင်းချသည့် မြင်းခြံမြို့ရှိ မုန့်တီ၊မုန့်ဟင်းခါး၊ ခေါက်ဆွဲဆိုင်များမှ အများအပြား လာရောက်ဝယ်ယူကြကြောင်း သိရှိရသည်။

          မုန့်ကြွပ်ကြော်လုပ်ငန်းလုပ်ကိုင်ရာတွင် ခေါက်ဆွဲအစိုကို ဂျုံမှုန့်အနည်းငယ်ဖြူးကာ ဆီဒယ်အိုးထဲသို့ မြုတ်အောင်နှစ်ပြီးကြော်ရပါသည်။ ခေါက်ဆွဲတစ်ပိဿာကြော်လျှင် မုန့်ကြွပ် ကြော်(၂) ပိဿာ ရရှိပြီး တစ်ရက်လျှင်ခေါက်ဆွဲအစို(၁၃)ပိဿာမှ မု့န်ကြွပ်ကြော်(၂၆)ပိဿာ ထုတ်လုပ်ရရှိ ကြောင်းသိရသည်။ ပုံမှန်အားဖြင့် (၂)ရက်လျှင်တစ်ကြိမ်လုပ်ငန်းလုပ်ကိုင် လျက်ရှိပြီး အလှူပွဲ၊ မင်္ဂလာပွဲ၊ မွေးနေ့ပွဲ၊ အခြားအထိမ်းအမှတ်ပွဲများ ကျင်းပကြသည့် နေ့ရက်များနှင့် အော်ဒါမှာယူမှု ရှိသည့်နေ့ရက်များတွင် လာရောက်ဝယ်ယူမှုများပြားသဖြင့် မုန့်ကြွပ်ကြော်လုပ်ငန်းကို နေ့စဉ် လုပ်ကိုင်ဆောင်ရွက်ရကြောင်းသိရှိရသည်။ ရောင်းချရာတွင် (၅)ကျပ်သား၊ (၂၅)ကျပ်သား၊ (၅၀) ကျပ်သားနှင့် တစ်ပိဿာထုပ်များ ထုပ်ပိုးရောင်းချလျက်ရှိပြီး ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်နှုန်းဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ အခြားမြို့များသို့ တင်ပို့ရောင်းချခြင်းမရှိဘဲ မြင်းခြံမြို့အတွင်းမှသာ လာရောက်ဝယ်ယူလျက် ရှိကြောင်း မုန့်ကြွပ်ကြော်လုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက် အရ သိရှိရသည်။

          ထို့အပြင် မြင်းခြံမြို့၌သာ မှာယူရရှိစားသုံးနိုင်သည့် ထူးထူးခြားခြား စားဖွယ် တစ်ခုဖြစ်သော “ပလာတာသုပ်”တွင်လည်း မုန့်ကြွပ်ကြော်သည် မပါမဖြစ် တွဲဖက်စားသုံး လေ့ရှိသည့် ပါဝင်ပစ္စည်း တစ်မျိုးဖြစ်ပေသည်။ နံနက်စာ၊ ညနေစာ စားသုံးလေ့ရှိကြသည့် အစားအစာများတွင် မုန့်ကြွပ်ကြော် သည် စားသုံးသူများအကြိုက် နေရာယူလျက်ရှိပြီး MSMEမုန့်ကြွပ်ကြော်လုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် MSMEလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)