ညောင်ဦးဒေသ၏ မြေပဲစိုက်ပျိုးထွက်ရှိမှု

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သော မြေပဲသီးနှံကို အများဆုံးစိုက်ပျိုးထားပြီး မိုးမြေပဲသီးနှံစိုက်ဧကအားလုံး ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။

          ညောင်ဦးဒေသရှိ မြေပဲစိုက်တောင်သူများသည် မြေပဲစိုက်ပျိုးရန် မျိုးများအနေဖြင့် မကွေး (၁၀၊ ၁၁)၊ ဆင်းပဒေသာ၊ ကျောင်းကုန်း စသည့်မျိုးများကို စိုက်ပျိုးကြရာ ကျောင်းကုန်းမျိုးအား အများဆုံးစိုက်ပျိုးကြကြောင်းနှင့် ညောင်ဦးမြို့နယ်အနေဖြင့် ယခုနှစ်မြေပဲစိုက်ပျိုးမှုမှာ(၉၃၉၈၇) ဧက စိုက်ပျိုးရန်လျာထားသော်လည်း (၁၁၀၉၂၉)ဧက စိုက်ပျိုးခဲ့သဖြင့် လျာထားချက်ထက် (၁၆၉၄၂)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ ယခုကာလတွင် မြေပဲစိုက်ဧကအားလုံး ရိတ်သိမ်း ပြီးဖြစ်၍ တစ်ဧကအထွက်နှုန်းအနေဖြင့် (၄၀)တင်းခန့်ထွက်ရှိကြောင်း၊ အထွက်နှုန်းများမှာ နေရာ ဒေသ၏ မြေကောင်းမွန်မှု၊ ရာသီဥတုပေါ်မူတည်ပြီး အထွက်နှုန်းများလည်း ကွာခြားမှုရှိရာ ဝါခင်းကြီးကျေးရွာ၏ မြေပဲတစ်ဧကအထွက်နှုန်းမှာ(၃၀)တင်းခန့်၊ သန့်စင်ကြယ်ကျေးရွာ၏ မြေပဲတစ်ဧကအထွက်နှုန်းမှာ(၃၀၊၄၀)တင်းဝန်းကျင်ခန့်များ ထွက်ရှိကြောင်း သိရသည်။ ယခု ဇန္နဝါရီလ တတိယပတ်တွင် ဖြစ်ပေါ်ခဲ့သောမြေပဲဆံတစ်ပိဿာဈေးနှုန်းများအနေဖြင့် လုံးဆံ တစ်ပိဿာလျှင်(၉၂၀၀)ကျပ်၊ ယခင် ဒုတိယပတ်တွင် တစ်ပိဿာလျှင်(၇၀၀၀၊ ၇၅၀၀) ကျပ်ဝန်းကျင် များ ဖြစ်ပေါ်ခဲ့ကြောင်း၊ ယခင်နှစ်ကာလတူ ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၇၅၀၀)ကျပ် ခန့်သာရှိခဲ့သဖြင့် ယခုနှစ်တွင်ဈေးနှုန်းပိုခဲ့ကြောင်းနှင့် ရောင်းဝယ်ဖောက်ကားမှုအနေဖြင့် တစ်ရက်လျှင်ကုန်ချိန်ပိဿာ(၁၀၀၀၀)ဝန်းကျင်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းနှင့် ညောင်ဦး ဒေသထွက် မြေပဲသီးနှံများကို မြေပဲဆီကြိတ်ခွဲရောင်းချခြင်းများလုပ်ကိုင်ကြသည့်အပြင် ပဲဆံများကို လည်း မန္တလေးဈေးကွက်သို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။

DOCA(မန္တလေး)