ယခုလိုဆောင်းရာသီတွင် ကျေးလက်ဒေသများရှိ ကျေးရွာသူကျေးရွာသားများသည် နံနက် ပိုင်းတွင် အနွေးဓာတ်ရရန်နှင့် ကိုယ့်မိသားစု၏ တစ်နေ့တာဝမ်းစာအတွက် ထမင်းဟင်းများကို ထင်း မီးများဖြင့် ချက်ပြုတ်ကြပြီး မီးခဲများကောင်းလာချိန်၌ ငါးခြောက်များကို မီးကင်/ မီးဖုတ်၍ ဆီဆမ်းပြီး ထမင်းပူပူနှင့် နံနက်အဆာပြေ စားသောက်ကြသည်မှာ မိရိုးဖလာစားသောက်မှု ပုံစံတစ်ခုလိုပင်ဖြစ်ပါသည်။ ထမင်းပူပူ ငါးခြောက်အချိုခြောက်ကို ပဲဆီဆမ်း၍ ရေနွေးကြမ်းဖြင့် စားသောက် ရသည်မှာ လွန်စွာမှ အရသာရှိလှပါသည်။ နေ့လည်စာအတွက်လည်း ရာသီပေါ် ဗမာခရမ်းချဉ်သီးနှင့် ငါးခြောက်ရော၍ ချက်ပြုတ်စားသောက်လျှင်လည်း လွန်စွာထမင်းမြိန်လှပြီး တောဓလေ့ရာသီစာ တစ်မျိုးလိုပင်ဖြစ်ပါသည်။ မြင်းခြံမြို့ယ်အတွင်းရှိ ကျေးရွာများ၌ အလှူအတန်း၊ သာရေး၊ နာရေးနှင့် ပွဲလမ်းသဘင်များရှိလျှင် လာရောက်ဝယ်ယူကြလေ့ရှိပြီး၊ ယခုလိုရာသီတွင် လည်း ငါးခြောက်ရောင်းချမှုများကောင်းကြောင်း မြင်းခြံမြို့ မြို့မစည်ပင်သာယာဈေးရှိ ရေချို ရေငန်ငါးပိငါးခြောက်ရောင်းချသူများထံမှ သိရှိရသည်။
မြင်းခြံမြို့တွင် ရောင်းချလျက်ရှိသောရေချိုရေငန်ငါးပိငါးခြောက်များကို ရန်ကုန်မြို့မှ မှာယူရောင်းချကြောင်းနှင့် ယခုနှစ် ဇန္နဝါရီလ တတိယပတ်တွင် ဒေသခံများ အများဆုံးဝယ်ယူ စားသုံးကြသည့် ငါးခြောက်ဈေးများအနေဖြင့် ငါးရံ့ခြောက် အလတ်စားတစ်ပိဿာ (၄၅၀၀၀) ကျပ်၊ ငါးရောင်အသားမြောင်းအလတ်စားတစ်ပိဿာလျှင်(၄၀၀၀၀)ကျပ်၊ ငါးထောပတ် တစ်ပိဿာလျှင် ( ၂၂၀၀၀)ကျပ်၊ ငါးနီတူးတစ်ပိဿာလျှင်
( ၂၀၀၀၀ ) ကျပ်၊ ငါးပုတ်သင်တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ ငါးဖောင်ရိုး တစ်ပိဿာလျှင်
( ၂၃၀၀၀ )ကျပ် များဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(မန္တလေး)