တောင်ငူဈေးကွက်ရောက် ပေါ်ဦးပေါ်ဖျား သံတောင်ကြီးဒူးရင်းသီး

Powered by Drupal

              ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အရှေ့ဘက်ရှိ ကရင်ပြည်နယ် သံတောင်ကြီးဒေသမှ ဒူးရင်းသီးများ ပေါ်နေပြီဖြစ်ရာ တောင်ငူမြို့သို့ ဒူးရင်းသီးများ ဝင်ရောက်လာပြီဖြစ်ပါသည်။ ဒူးရင်းသီးရာသီဖြစ်ပြီး လူကြိုက်များသောကြောင့် တောင်ငူမြို့ရှိ ဘုရင့်နောင်ဈေးနှင့် ညောင်ပင်ဈေးများတွင် ဒူးရင်းသီးရောင်းဝယ်ဖောက်ကားသူများဖြင့် စည်ကားလျက်ရှိပါသည်။

              ယခု အချိန်ကာလသည် ဒူးရင်းသီး ပေါ်ဦးကာလဖြစ်သောကြောင့် ဒူးရင်းသီးများ ဈေးကောင်းရလျက်ရှိပြီး ဈေးနှုန်းလည်း မြင့်နေသည်ကို တွေ့ရပါသည်။ ဒူးရင်းသီး ဈေးနှုန်းအနေဖြင့် အသေး (၁) လုံးလျှင် ၂၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်၊ အလတ် (၁)  လုံးလျှင် ၅၀၀၀ မှ ၆၅၀၀ ကျပ်နှင့် အကြီး (၁) လုံးလျှင် ၈၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ် ဝန်းကျင်ထိဈေးကောင်းရလျှက် ရှိပါသည်။ တောင်ငူမြို့ ဒူးရင်းသီးပွဲရုံများသို့ ရောက်ရှိလာသော ဒူးရင်းသီးများကို ဒေသတွင်းအပြင် ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးသို့လည်း တင်ပို့ရောင်းချရပါသည်။ ရှေ့လ ဒူးရင်းသီး လှိုင်လှိုင်ပေါ်မည့် ကာလတွင် ဒူးရင်းသီးဈေးနှုန်းများ ကျဆင်းသွားမည်ဖြစ်ကြောင်း တောင်ငူမြို့ ဘုရင့်နောင်ဈေးတွင် ဒူးရင်းသီးရောင်းချနေသူ တစ်ဦးထံမှ သိရပါသည်။

DOCA(ပဲခူး)