မကွေးကြက်သွန်နီ ဈေးကွက်အခြေအနေ

Powered by Drupal

            ကြက်သွန်နီသည် နေ့စဉ်ဟင်းလျာများတွင် မပါမပြီး အလွန်အရေးပါသော စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်ပါသည်။ ဟင်းလျာများကို အနံ့၊ အရသာကောင်းမွန်စေရုံသာမက စားသုံးသူတို့၏ ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စီးပွားရေးလုပ်ငန်း၏ (၆၀%)မှာ ကြက်သွန်နီရောင်းဝယ်ရေးဖြစ်ပါသည်။ ကြက်သွန်နီ၏ ဇာတိဒေသမှာ တောင်အာရှဒေသ (သို့မဟုတ်) မြေထဲပင်လယ်ဖြစ်မည်ဟု ယူဆကြပါသည်။ ကြက်သွန်နီသည် အပူ၊ အအေး သင့်တင့်သော ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ မြေအမျိုးအစားမှာ အစိုဓါတ်ရှိသောမြေများတွင် စိုက်ပျိုးနိုင်သည်။ မကွေးတိုင်းဒေသကြီးတွင် မိုးနှင့်ဆောင်းသာ ကြက်သွန်နီစိုက်ပျိုးကြပြီး မိုးကြက်သွန်နီ စတင်စိုက်ပျိုးချိန်သည် ဩဂုတ်လမှ အောက်တိုဘာလအထိဖြစ်ပြီး ရိတ်သိမ်းထွက်ရှိသည့်ကာလမှာ နိုဝင်ဘာလမှ ဇန်နဝါရီလအထိ ဖြစ်ပါသည်။ ဆောင်းကြက်သွန်နီ စတင်စိုက်ပျိုးသည့်ကာလမှာ ဒီဇင်ဘာလမှ ဇန်နဝါရီလအထိ စိုက်ပျိုးကြပြီး ရိတ်သိမ်းထွက်ရှိသည့်ကာလမှာ မတ်လမှဧပြီလအထိ ဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီးအတွင်း ကြက်သွန်နီ စိုက်ပျိုးဧကသည် ၂၀၂၁-၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ ( ၃၀၃၇၅ ) စိုက်ဧကရှိပြီး အထွက်နှုန်းမှာ ( ၁၂၂၆၅၁၆၅ ) ပိဿာထွက်ရှိရာ ပခုက္ကူ၊ ဆိပ်ဖြူ၊  မကွေး၊ ရေနံချောင်း၊ စလင်း (ဆင်ဖြူကျွန်း) မြို့နယ်နှင့် မြို့သစ်မြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြပြီး ကုန်းကြက်သွန်နီ၊ ချောင်းကြက်သွန်နီဟူ၍ စိုက်ပျိုးကြပါသည်။ကုန်းကြက်သွန်နီများကို နုန်းဆန်မြေ၊ သဲနုန်းမြေများရှိသည့် လယ်ယာမြေများတွင် စိုက်ပျိုးလျက်ရှိပြီး၊ ချောင်း ကြက်သွန်နီများကို ယင်းချောင်း၊ ပင်းချောင်း၊ ယောချောင်းများ၏ လွင်ပြင်သဲ‌သောင်များတွင် စိုက်ပျိုးကြခြင်းဖြစ်ပြီး ရွှေဖလားထိပ်မောက်(ဒေသမျိုး)ကိုသာ အများဆုံး စိုက်ပျိုးကြပါသည်။ သိုလှောင်နိုင်သည့် ကာလအနေဖြင့် ကိုင်းမြေစိုက်ကြက်သွန်နီကို ( ၂ )လ သိုလှောင်နိုင်ပြီး လယ်မြေစိုက်ကြက်သွန်နီကို ( ၃ )လအထိ သိုလှောင်နိုင်ပါသည်။ လတ်တလော မကွေးမြို့တွင် ဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းမှာ လက်ကားဈေး (အနိမ့်စ၊ အလတ်စ၊ ထိပ်စ) (၆၀ဝိ၊ ၇၀ဝိ ၊ ၇၅ဝိ/-) ရှိပြီး၊ လက်လီဈေး (အနိမ့်စ၊ အလတ်စ၊ ထိပ်စ) မှာ (၇၀ဝိ၊ ၈၅ဝိ ၊ ၁၀၀ဝိ/-) အထိဈေးရှိကြောင်း၊ တိုင်းအတွင်း အပတ်စဉ် ကြက်သွန်နီ ဝင်ရောက်မှုမှာ ပိဿာချိန် (၆) သိန်း ကျော်ခန့် ဝင်ရောက်လျက်ရှိပြီး မကွေးတိုင်းမှ ထွက်ရှိသော ကြက်သွန်နီများကို ရန်ကုန်၊ မန္တလေး၊ မူဆယ်၊ ပြည်၊ စစ်တွေ၊ မြဝတီ၊ မော်လမြိုင်စသည့်ဒေသများသို့ ဈေးကွက်အခြေအနေအပေါ် မူတည်ပြီး တင်ပို့ကြောင်းနှင့် ဈေးကွက်သို့ တင်ပို့ရာတွင်လည်း ကြက်သွန်နီအရွယ်အစားအပေါ် မူတည်၍ (အနိမ့်စ၊ အလတ်စ၊ ထိပ်စ)ဟူ၍ ခွဲခြားပြီး တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(မကွေး)