ဒေသထွက်ရာသီပေါ် မေမြို့ပန်းဈေးကွက်

Powered by Drupal

       မေမြို့ပန်းသည် အခိုင်လိုက် အစုလိုက်ပွင့်သောပန်းမျိုးဖြစ်ပါသည်။ ပန်းအရောင်မှာ အဖြူ၊ အနီ၊ ပန်းရောင်း၊ ဗေဒါရောင်တို့ရှိပါသည်။ မျိုးစေ့ပုလင်းများမှာယူပြီး စိုက်ပျိုးကြပါသည်။ မြန်မာအခေါ် ရိုးစိမ်းဖြူ၊ ကျောက်နီ၊ ချင်းမိုင်စသဖြင့် အပွင့်အရောင်ပေါ်မူတည်၍ ခေါ်ကြပါသည်။ နေရောင်ခြည်အပြည့်အဝရရှိမှုကို ကြိုက်နှစ်သက်ပါသည်။ အေးလွန်းသည့်အခါတွင်လည်း ပန်းများ ပွင့်နှုန်းလျော့တတ်ကြပါသည်။ ပန်းမျိုးစေ့ကို ဘောင်များဖြင့် ပျိုး‌ထောင်ထားရပါသည်။ ပျိုးထောင် ပြီး (၁၅)ရက်ခန့်အကြာတွင် စိုက်ကွင်းအတွင်းသို့ စတင်စိုက်ပျိုးနိုင်ပါသည်။ မေမြို့ပန်းများကို အပင်လိုက် နှုတ်စည်း၍ဈေးများတွင် ရောင်းချကြပါသည်။ အပင်ကြီးထွားမှုနှင့် အပွင့်အရောင် အသွေးပေါ်မူတည်၍ ဒေသအလိုက်ဈေးနှုန်းမတူညီနိုင်ပါ။ မေမြို့ပန်းစိုက်ပျိုးသည့် ဒေသများမှာ မြန်မာပြည်အနှံ့အပြားတွင် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ပြည်ဒေသနှင့် အနီးတဝိုက်ရှိ ရွာများဖြစ် သော မှော်ဇာရွာ၊ တောင်လုံးညိုရွာနှင့် ရွှေတောင်မြို့နယ်အတွင်းရှိ ကျီးသဲ၊ မြို့မစသည့် ဒေသများတွင်လည်း မေမြို့ပန်းများကို စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ဒေသထွက် မေမြို့ပန်းများကို ပန်းဒိုင်များသို့ လိုင်းကားများဖြင့် လာရောက်ရောင်းချကြပါသည်။ ပန်းဒိုင်များမှ တစ်ဆင့် ပန်းများကို ရန်ကုန်၊ မင်္ဂလာဒုံ၊ ထောက်ကြန့်စသည့် ဒေသများသို့ ပြန်လည်ရောင်းချကြပါသည်။ မေမြို့ပန်း များသည် အရောင်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းအမျိုးမျိုးရှိပါသည်။ မေမြို့ပန်း(၅)ပင်ပါ တစ်စည်း လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

DOCA(ပဲခူး)