“ကျန်းမာရေးအတွက်များစွာ အကျိုးပြုသည့် ဒန့်သလွန်စေ့ဆီ”

Powered by Drupal

           မကွေးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာနမှ ဦးဝေယံမြင့်အောင်(ဒုကြီးကြပ်ရေးမှူး)က ၂၂.၅.၂၀၂၂ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် မကွေးမြို့၊ ရန်ဝေးရပ်၊ ခွါညိုလမ်း၊ အမှတ်(၈၆)တွင် MYANMAR ORGAINC MORINGA OIL (MOM)အမှတ်တံဆိပ်ဖြင့် မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်နေသော ဒန်သလွန်စေ့ဆီ ထုတ်လုပ်မှုအခြေအနေနှင့်စပ်လျဉ်း၍ မြန်မာ့ဒန့်သလွန်စေ့ဆီ ထုတ်လုပ်ရောင်းချနေသည့် တွေ့ဆုံမေးမြန်းရာ ဒန့်သလွန်စေ့ဆီ ထုတ်လုပ်ရာတွင် အိန္ဒိယမျိုးများဖြစ်သော Momax 3 နှင့် ODC 3 မျိုးများမှာ ဆီကြိတ်ရန် အထူး ကောင်းမွန်ပြီး ဆီကြိတ်ရန်အတွက် အဆိုပါ ဒန့်သလွန်စေ့ ကုန်ကြမ်းများရရှိစေရန် မိမိကိုယ်တိုင် (၁၀)ဧကခန့် စိုက်ပျိုးထားကြောင်းနှင့် ဘေးပါတ်ဝန်းကျင် မှစိတ်ပါဝင်စားသော မြေပိုင်ရှင်များအား ဒန့်သလွန်မျိုးစေ့ထုတ်ပေး၍ ဓါတ်မြေဩဇာ လုံး၀မသုံးစွဲစေဘဲ ဇီဝနှင့်သဘာဝ မြေဩဇာများကိုသာ ‌ပေါင်းစပ်စိုက်ပျိုးစေပြီး ထွက်ရှိသော ဒန့်သလွန်စေ့များအား ပြင်ပပေါက် ဈေးအတိုင်း ပြန်လည်ဝယ်ယူကာ ဒန့်သလွန်စေ့ဆီ ထုတ်လုပ်ရာတွင် အသုံးပြုကြောင်း သိရှိရပါသည်။

          ဒန့်သလွန်စေ့ဆီတွင် ကျန်းမာရေးအတွက် အကျိုးပြုဓါတ်များဖြစ်သည့်  Oleic Acid ရာခိုင်နှုန်းများစွာ ပါဝင်သည့်အတွက် ဟင်းချက်ဆီ၊ အလှကုန်၊ ချောဆီ၊ အသားအရေချောမွေ့ စိုပြေစေဖို့ ခန္ဓာကိုယ်အလှပြုပြင်ရေးနှင့် ရေမွှေးအခြေခံဆီအဖြစ် အသုံးပြုနိုင်ကြောင်း သိရှိရပါသည်။ဒန့်သလွန်စေ့ဆီတွင် မြင့်မားစွာပါရှိသော Oleic Acid သည် သံလွင်ဆီထက်များစွာ သာလွန်သည့်အတွက် ဟင်းချက်ဆီအဖြစ် အသုံးပြုလိုသော်လည်း အစေ့ထုတ်လုပ်မှုမှာ အနည်းငယ်သာရရှိနိုင်ပြီး ဈေးနှုန်းမြင့်မားသည့်အတွက် အလှကုန်လုပ်ငန်းနှင့် ရေမွှေးလုပ်ငန်းများမှသာ အသုံးပြုသူပိုမိုများပြားလာကြောင်း၊ ဗီတာမင်A,Cနှင့်အခြား မပြည့်ဝဆီများစွာ ပါဝင်ကာ ကပ်ပါးပိုးမွှားများကို နှိမ်နင်းနိုင်သည့်အပြင် အသားအရေဆိုင်ရာဒဏ်ရာ၊ အင်းစက်ကိုက်ခြင်း၊ ပြည်တည်နာ၊ ခြေဖဝါးအက်ကွဲခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ဂေါက်ရောဂါဖြစ်ခြင်းတို့ကို လိမ်းပေးနိုင်ကြောင်း၊ ဒန့်သလွန်စေ့ဆီသည် အဆီထုတ်ပြီး (၅)နှစ်ကျော်သည် အထိ ဆီချေးစော်နံခြင်း လုံးဝမဖြစ်ပေါ်သည့်အတွက် ဆံပင်အလှပြုပြင်ရေးနှင့် ဆံပင် ပျော့ပြောင်းနူးညံ့စေသည့် ခေါင်းလျှော်ရည်အဖြစ်အသုံးပြုကြကြောင်း၊ ဦးခေါင်းဆံပင်မှာရှိတဲ့  အညစ်အကြေးများကို ဖယ်ထုတ်ပေးသည့်အပြင် ထိရောက်သည့် သဘာဝသန့်စင်ပစ္စည်းဖြစ်သည့်အတွက် ဆံပင်ကိုအမြဲတန်းစိုပြေပျော့ပြောင်းစေပါကြောင်း၊ စေးကပ်မှုမရှိသည့်အတွက် ခေါင်းလိမ်းဆီအဖြစ် အသုံးပြုကြကြောင်း၊ ဒန့်သလွန်စေ့ဆီတွင်ပါရှိသည့် များပြားလှတဲ့ Antioxidantအပြင် အသားအရေကို ပြန်လည်နုပျိုစေသည့် အရည်အသွေးရှိနေ သောကြောင့် အသားအရေတွန့်ခြင်းများကို ပြန်ကောင်းစေခြင်း၊ အသားအရေဝင်းဝါ တောက်ပြောင်စေခြင်း၊ အသားအရေကို ချောမွတ်စေခြင်း၊ ဒန့်သလွန်စေ့ဆီတွင်ပါဝင်သည့် Oleic Acidဟာ အသားအရေထဲစိမ့်ဝင်သွားတဲ့အခါမှာ အသားအရေနှင့်ဆံပင်ကို အာဟာရများစွာပေးစွမ်းပြီး အစိုဓါတ်ကို ကြာရှည်စွာထိန်းပေးနိုင်သည့်အတွက် ဆံပင်သန်စွမ်းပြီး နူးညံ့ပျော့ပြောင်းစေကြောင်း၊ အမွှေးနံ့ကို ကြာရှည်စွာ ထိန်းပေးထားနိုင်သည့်အတွက် ရေမွှေးနှင့်အလှကုန်ပစ္စည်း ထုတ်လုပ်ရာတွင် များစွာအထောက်ကူပြုကြောင်း၊ ကြိုက်နှစ်သက်သည့်ရနံ့တစ်ခုခုနှင့် ဒန့်သလွန်စေ့ဆီကို ရောနှောအသုံးပြုပါက ရနံ့ပြယ်သွားခြင်းမျိုးမဖြစ်ဘဲ မွှေးရနံ့ကို ကြာရှည်စွာ ထိန်းထားနိုင်ပါကြောင်း၊ ဒန့်သလွန်စေ့ဆီကို မိတ်ကပ်တွင် ထည့်သွင်းအသုံးပြုပါက အခြားသော အခြေခံဆီများနှင့်မတူဘဲ ဝက်ခြံများကို ရှင်းလင်းဖယ်ရှားပေးခြင်း၊ ပြန်မဖြစ်အောင် ကာကွယ်ပေးခြင်း၊ နေလောင်ဒဏ်ကိုကာကွယ်ပေးခြင်း၊ ချောင်းဆိုး၊ အအေးမိ၊ ရင်ကြပ်၊ လည်ချောင်းနာ၊ အာသီးယောင်၊ ထိပ်ကပ်နာ၊ အစာအိမ်ယောင်ခြင်း၊ အစာချေခြင်း ပြဿနာ၊ ဝက်ခြံ၊ တင်းတိတ်၊ အမဲစက်၊ မှဲ့ခြောက်၊ အမာရွတ်များ၊ အရေပြားပိုးဝင်ခြင်း၊ မှို၊ နှင်းခူ၊ ပွေး၊ ဒက်၊ အရေပြား ယောင်ရမ်းခြင်း၊ အရေပြားပေါ်တွင် ဓါတုကြောင့်ဖြစ်သော ရောဂါအမျိုးမျိုးနှင့် နှုတ်ခမ်းကွဲ၊ ခြေဖနှောင့်ကွဲ၊ ဆီပူလောင်၊ မီးပူလောင် ဝေဒနာများတွင် လိမ်းပေးခြင်း၊ ခန္ဓာကိုယ် နာကျင်ကိုက်ခဲသော နေရာများအား လိမ်း၍ နှိပ်နယ်ပေးခြင်းဖြင့် သက်သာပျေက်ကင်းစေကြောင်း၊ သွေးတိုးနေပါက လက်ဖက်စားဇွန်း(၁)ဇွန်းခန့် သောက်သုံးပေးခြင်းဖြင့် သွေးတိုးခြင်း ဝေဒနာကိုသက်သာ ပျောက်ကင်းစေကြောင်း သိရှိရပါသည်။

          ဒန့်သလွန်စေ့ဆီ ထုတ်လုပ်ရာတွင် ဒန့်သလွန်စေ့ဆီ(၁ လီတာ) တစ်ဗူး ရရှိရန်အတွက် ဒန့်သလွန်စေ့ခြောက် ၅ ပိဿာ/ ၆ ပိဿာ ခန့်ကြိတ်ရကြောင်းနှင့် ဒန့်သလွန်စေ့ ၁ပိဿာလျှင် အစေ့၏ကောင်းမွန်မှုပေါ်မူတည်၍ (၁၅၀၀ဝိ/-)ကျပ်မှ (၃၀၀၀ဝိ/-)ကျပ် အတွင်း ဈေးပေးဝယ်ယူရပြီး ဒန့်သလွန်စေ့ဆီ(၁ လီတာ) တစ်ဗူးလျှင် (၂၂၀၀၀ဝိ/-)ကျပ်၊ (၀.၅ လီတာ) တစ်ဗူးလျှင် (၁၁၀၀၀ဝိ/-)ကျပ်၊ (၂၀ မီလီ) တစ်ဗူးလျှင် (၁၀၀၀ဝိ/-)ကျပ်ဝန်းကျင်ဖြင့် ပြန်လည်ရောင်းချရကြောင်းနှင့် လက်ရှိတွင် အဆိုပါ ဒန့်သလွန်စေ့ဆီအား မကွေးမြို့၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့များမှ မှာယူမှုများရှိ၍ ရောင်းချရကြောင်းနှင့် ဆီကြိတ်ပြီး ထွက်ရှိလာသော အဖတ်များအား  တိရစ္ဆာန်အစားအစာနှင့် ဓါတ်မြေဩဇာအဖြစ် သုံးစွဲရန်အတွက် ပြန်လည်ရောင်းချရကြောင်း သိရှိရပါသည်။

          ဆက်လက်၍ မိမိထုတ်လုပ်ထားသော MYANMAR ORGAINC MORINGA OIL (MOM) အမှတ်တံဆိပ် ဒန့်သလွန်စေ့ဆီအား သုံးစွဲသူပြည်သူများ ဘေးကင်းလုံခြုံစိတ်ချစွာ သုံးစွဲနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတွင် ဒန့်သလွန်စေ့ဆီ နမူနာအား စစ်ဆေးမှုခံယူရာ ထောက်ခံချက်အမှတ် အစ-၈(မက-၀၀၀၃၉၆)ဖြင့် ထောက်ခံချက် ရရှိထားပြီး နိုင်ငံတော်မှ မိမိကဲ့သို့ တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များအား ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးမည်ဆိုပါက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) လက်မှတ်ရရန် အဆင့်မြှင့်တင်ဆောင်ရွက်ပြီး နိုင်ငံတကာသို့ တင်ပို့ရောင်းချနိုင်ရန်အထိ ဆက်လက်ကြိုးစား ဆောင်ရွက်လိုပါကြောင်း လုပ်ငန်းရှင် ဦးမင်းသက်ဝေမှ ပြောကြားခဲ့ပါသည်။

DOCA(မကွေး)