မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေး လုပ်ငန်းဖြင့် ဒေသစီးပွားဖြစ် လုပ်ကိုင်လျက်ရှိရာ သီးနှံမျိုးစုံကို စိုက်ပျိုးထုတ်လုပ် ရောင်းဝယ်ဖောက်ကား လျက်ရှိပါသည်။ သီးနှံမျိုးစုံမှ ကြက်သွန်နီကို (ပထမ)အများဆုံးစိုက်ပျိုးပြီး ကုလားပဲသီးနှံကို (ဒုတိယ) အများဆုံးစိုက်ပျိုးကြောင်း၊ ဧရာဝတီမြစ်ရိုးတစ်လျှောက်ကျေးရွာများရှိ ကိုင်းကျွန်းမြေများတွင် အများဆုံး စိုက်ပျိုးကြောင်း၊ မိုးကြက်သွန်နီ(ဥစိုက်)တူးဖော်ပြီး ခင်းကျွတ်များတွင် သီးထပ်အဖြစ် စိုက်ပျိုးကြောင်း၊ ယခင်နှစ်များတွင် ကုလားပဲသီးနှံကို ဆောင်းတစ်ရာသီ တစ်ကြိမ်သာစိုက်ပျိုးပြီး အကျိုးအမြတ်များစွာ ရရှိ၍ ကြက်သွန်နီစိုက်ခင်းကျွတ်များတွင် သီးထပ်အဖြစ် နှစ်ကြိမ် စိုက်ပျိုးမှုများလာကြောင်း သိရသည်။
ဆောင်းသီးနှံကုလားပဲစိုက်ပျိုးမှုကို ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် မိုးကြက်သွန် နီ(ဥစိုက်)စိုက်ခင်းများ မတူးဖော်မီ (၂၅)ရက်သားခန့်အလိုတွင် ကြက်သွန်ခင်းမြောင်းကြားတွင် ကုလားပဲ မျိုးစေ့များကို ပင်ကြား၅လက်မအကွာ စူးထိုးပြီး အစေ့ချစိုက်ပျိုးခြင်းနှင့် ကြက်သွန်တူးဖော်ပြီးချိန်တွင် နွားရှဉ်းဖြင့် ထယ်ချောင်းဆွဲ ဖြူးချစိုက်ပျိုးခြင်း နှစ်နည်းဖြင့် စိုက်ပျိုးကြကြောင်း၊ ရေသွင်း ရေဖျန်း စနစ်ဖြင့် စိုက်ပျိုးပြီး ၂၀၂၅ခုနှစ်၊ မတ်လကုန် ဧပြီလဆန်းပိုင်းတွင် သီးနှံရိတ်သိမ်းရမည်ဖြစ်ကြောင်း၊ တစ်ဧကလျှင် မျိုးစေ့(၂)တင်းခန့်ကုန်ကျပြီး ကုလားပဲလုံးကြီး(အဖြူ)မျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ တောင်သူများအနေဖြင့် ကုန်ကျစရိတ်နည်းပြီး အကျိုးအမြတ်ရရှိပိုမိုရရှိသဖြင့် ကုလားပဲသီးနှံကို ယခင်နှစ်က စိုက်ဧက(၅၀၀)ဧကခန့်စိုက်ပျိုးပြီး ယခုနှစ်တွင် ဧက(၇၀၀)ထိ တိုးချဲ့စိုက်ပျိုးလာကြောင်း သိရသည်။
ယခင်နှစ်တွင် ကုလားပဲအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပျမ်းမျှတင်း(၂၀)ခန့်ထွက်ရှိကြောင်း၊ သီးနှံပေါ်ချိန် ဒေသပေါက်ဈေး တစ်တင်းလျှင် ကျပ်(၈၅၀၀၀-၉၀၀၀၀)ခန့်ဖြင့် အရောင်းအဝယ်ဖြစ် ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မိုးကြက်သွန်နီစိုက်ခင်းကျွတ်များတွင် သီးထပ်သီးနှံအဖြစ် ဒုတိယ အကြိမ် ထပ်မံစိုက်ပျိုးခြင်းဖြစ်၍ မြေပြုပြင်စရိတ်နှင့် သွင်းအားစုသုံးစွဲမှုစရိတ်သက်သာ၍ တစ်ဧကလျှင် ငွေကျပ်(၄)သိန်းခန့်ကုန်ကျကြောင်း၊ အကျိုးအမြတ်အနေဖြင့် ငွေကျပ်(၁၅)သိန်းခန့်ရရှိကြောင်း သိရှိရ သည်။ ယခုနှစ် သီးထပ်စိုက်ပျိုးထားရှိသော ကုလားပဲစိုက်ခင်းများမှာလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိ ပြီး သီးနှံပေါ်ချိန်အထွက်ကောင်းပြီး ဈေးကောင်းရရှိပါကတောင်သူအဆင်ပြေမည်ဖြစ်ကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။
ဆိပ်ဖြူမြို့မှ ထွက်ရှိသည့်ကုလားပဲများကို မြို့ပေါ်ရှိပွဲရုံများနှင့် ချောက်မြို့ပေါ်ရှိ ပဲပွဲရုံများသို့ ရောင်းချလျက်ရှိကြောင်း၊ ပြည်တွင်းမှ ထွက်ရှိသောပဲမျိုးစုံအနက် ကုလားပဲမှာ လူကြိုက်များပြီး စားသုံးမှု အမြင့်ဆုံးဖြစ်၍ ပြည်တွင်းစားသုံးမှု ပိုမိုမြင့်မားလျက်ရှိ၍ ပြည်တွင်းပြည်ပ ဝယ်လိုအားကောင်းပြီး ဈေးကွက်ခိုင်မာမှုရှိခြင်းကြောင့် တောင်သူများအနေဖြင့် နှစ်စဉ်မပြတ် တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)