ပခုက္ကူမြို့၌ မြေပဲဈေးနှုန်းမြင့်တက်ပြီးအရောင်းအဝယ်ဖြစ်နေ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေး ဈေးကွက်တွင် ဆီထွက်သီးနှံ မြေပဲများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိရာ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ၊ ယောနယ်ဒေသများနှင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ မှထွက်ရှိသော မိုးမြေပဲအတောင့်အဆံများ ပခုက္ကူဈေးကွက်သို့ ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုအချိန်တွင် ဂန့်ဂေါခရိုင်အတွင်းရှိ ယောနယ်ဒေသများမှ (၄)လပင်ပြန့်မြေပဲများ လှိုင်လှိုင်တူးဖော်ရိတ် သိမ်းချိန်ဖြစ်၍ ဈေးကွက်သို့ သီးနှံဝင်ရောက်မှုများကြောင်း၊ မြေပဲအသစ်များ ဝင်ရောက်သော်လည်း ဈေးနှုန်းကျဆင်းခြင်းမရှိဘဲ ဈေးကွက်သို့ဝင်ရောက်လာသည့် မြေပဲဆံနှင့်မြေပဲ အတောင့်များ ဝယ်လို အားကောင်းပြီး အရောင်းအဝယ်သွက်နေကြောင်း၊ ဈေးကွက်သို့ ဝင်ရောက်လာသော မြေပဲ အတောင့် နှင့်အဆံများကို မြို့ပေါ်ရှိ လှောင်လက်သမားများ၊ ဆီစက်လုပ်ငန်းရှင်များ အဝယ်လိုက်ခြင်းအပြင် ပြည်ပ တရုတ်နိုင်ငံမှလည်း အဝယ်လိုက်၍ ဈေးနှုန်းမြင့်တက်နေကြောင်း၊ မြေပဲတောင့်/ အဆံ အရည် အသွေးနှင့် ဝယ်လိုအားပေါ်မူတည်၍ ဈေးအနိမ့်၊ အမြင့်ရှိကြောင်း၊ ပြည်တွင်းစားသုံးဆီဈေးကွက်တွင် ကျန်းမာရေးနှင့်ညီညွှတ်သည့် မြေပဲဆီသန့်သုံးစွဲမှုမြင့်မားလျက်ရှိ၍ ဒေသတွင်းဆုံ/ဆီစက်များ တွင်ကျယ်စွာ ထုတ်လုပ်လျက်ရှိ၍ မြေပဲဆံဝယ်လိုအားကောင်းပြီး ဈေးကွက်ကျဆင်းခြင်းမရှိ အရောင်း အဝယ်သွက်လျက်ရှိပြီး ပဲဖတ်ဈေးမှာလည်း ပြည်တွင်းတိရိစ္ဆာန်အစားအစာအဖြစ် မြန်မာနိုင်ငံ အောက်ပိုင်း ငါးမွေးမြူရေးလုပ်ငန်းများမှ ဝယ်ယူမှုအပြင် ပြည်တွင်းဆီစက် လုပ်ငန်းရှင်များမှလည်း မြေပဲဆုံပဲဖတ်များကို ပြန်လည်ကြိတ်ပြီး ဆီထုတ်လုပ်ခြင်းအတွက် ဝယ်ယူမှုများ၍ အရောင်းအဝယ် သွက်နေကြောင်း ဈေးကွက်မှ သိရသည်။

          ပခုက္ကူပွဲရုံဈေးကွက်တွင် ဖြစ်ပေါ်နေသော မြေပဲဈေးနှုန်းများမှာ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (ပထမပတ်)တွင် သီးနှံအရည်အသွေးလိုက်၍ မြေပဲအတောင့်(အခြောက်) တစ်ပိဿာလျှင် ကျပ်(၆၃၀၀ - ၅၈၀၀)၊ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ်(၉၄၀၀-၉၃၅၀-၉၁၀၀)၊ မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ကျပ် (၉၄၀၀-၉၃၅၀)၊ ဆီဆံတစ်ပိဿာလျှင် ကျပ်(၉၀၀၀-၈၅၀၀)၊ မြေပဲဖတ်တစ်ပိဿာလျှင် (၆၂၀၀-၆၁၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်ဇန်နဝါရီလ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက မြေပဲတောင့် (အခြောက်)တစ်ပိဿာလျှင်  ကျပ်(၂၀၀)၊ မြေပဲဆံတစ်ပိဿာ ကျပ်(၃၀၀)၊ ပဲဖတ် တစ်ပိဿာလျှင် ကျပ်(၁၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူမြေပဲဆံ ဈေးကွက်သို့ (၄)လပင်ပြန့် ဆောင်းမြေပဲ(အသစ်)များ ပခုက္ကူ/ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ယောနယ် (ထီးလင်း၊ ဂန့်ဂေါ) ဒေသများမှ ဝင်ရောက်လျက်ရှိပြီး ကုန်ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များမှ ဝယ်ယူမှုများခြင်းအပြင် မန္တလေးဈေးကွက်သို့ တင်ပို့လျက်ရှိပြီး ထိုမှ တစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိ၍ မြေပဲဈေးနှုန်း သိသိသာသာကျဆင်းခြင်းမရှိ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ပွဲရုံဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)