အရောင်းသွက်သည့်သုံးရာသီသရက်

Powered by Drupal

            မန္တလေးကုန်စိမ်းစျေးကွက်သို့ ဖေဖော်ဝါရီလပထမပတ်အတွင်း သရက်သီးအစိမ်း(သုံးရာသီ သရက်သီး)များဝင်ရောက်မှုများပြားပြီးအရောင်းသွက်လျက်ရှိကြောင်းသိရပါတယ်။ သရက်သီးသီးနှံ စိုက်ပျိုးမှုအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်     အများအပြားစိုက်ပျိုးပြီး၊ ကျန်ဒေသများတွင်လည်း စိုက်ပျိုးသည့်နှစ်ရှည်သီးနှံ တစ်မျိုးဖြစ်ပါတယ်။ သရက်သီးအမှည့်များအား မိုးနှောင်းကာလနှင့် နွေရာသီတွင် ထွက်ပေါ်ပြီး၊  သရက်သီးအမှည့်များ အား  ပြည်တွင်းစားသုံးခြင်း နှင့် ပြည်ပသို့ တင်ပို့သည့်  စျေးကွက်ဝင်   သီးနှံတစ်မျိုးဖြစ်ပါတယ်။ မန္တလေးစျေးကွက်အတွင်းတွေ့ရှိရသည့် သရက်သီးအမည်များမှာ စိန်တစ်လုံး၊မြကျောက်၊ရွှေဟင်္သာ၊ အောင်ဒင်၊ ရင်ကွဲ၊ ပန်းဆွဲ၊ မချစ်စု၊စိမ်းစားသီး နှင့် သုံးရာသီသရက်များဖြစ်ကြောင်း သိရပါတယ်။   သရက်သီးသီးနှံမှာ အစိမ်းအတိုင်းစားသုံးခြင်း၊ ဝမ်းပြင်(မစိမ်းလွန်း၊မမှည့်လွန်း)အသုပ်သုပ်စားခြင်း၊ သရက်သီးအမှည့်အသီးအတိုင်းစားသုံးခြင်း၊ သရက်ပျဉ်၊  သရက်ယို၊  ဖျော်ရည်၊   ရေခဲမုန့်၊   ချိုချဉ်၊ ကျောက်ကျော၊ ဂျယ်လီ၊ ပူတင်း၊ ဆားစိမ်းအချဉ်နှင့် သရက်သီးသနပ်စသည် ဖြင့်  အမျိုးမျိုးစားသုံး လျက်ရှိကြောင်း သိရပါတယ်။ ဖေဖော်ဝါရီလ ပထမပတ်အတွင်း   မန္တလေးစျေးကွက်တွင်သရက်သီး အစိမ်း(သုံးရာသီသရက်သီး)များ ဝင်ရောက်မှုများပြားပြီး၊ သရက်သီးအစိမ်း (အချဉ်သီး)အား  အသုပ် ရောင်းချသူများမှဝယ်ယူလျက်ရှိခြင်းကြောင့်အရောင်းသွက်လျက်ရှိကြောင်းသိရပါတယ်။မန္တလေးမြို့ ၄၁ လမ်းစျေး(ကမ်းနားလမ်းစျေး)ကုန်စိမ်းစျေးကွက်တွင်  သရက်သီးအစိမ်း (သုံးရာသီ သရက်သီး) များအား အလေးချိန်ဖြင့် ရောင်းချလျက်ရှိပြီး၊ သရက်သီးအစိမ်း တစ်ပိဿာလျှင် လက္ကားစျေး ၆၀၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်၊သရက်ချဉ်(အိုးသိပ်ချဉ်အဟောင်း)တစ်ပိဿာလျင် ၅၀၀၀ကျပ်နှင့်၆၀၀၀ကျပ်၊ (အိုးသိပ်ချဉ်အသစ်)တစ်ပိဿာလျင်  ၇၀၀၀ကျပ်နှင့်၈၀၀၀ကျပ်၊သရက်သီးသနပ်(ကုလားတညချဉ်) တစ်ပိဿာလျင်  ၈၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်နှင့် အသီးအရွယ်အစားအလိုက် သရက်ကင်း (အသီး လုံးသေး) ၁၀လုံးလျှင်  ၁၅၀၀ကျပ်နှင့် ၂၀၀၀ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါတယ်။ ဖေဖော်ဝါရီလပထမပတ်အတွင်း မန္တလေးကုန်စိမ်းစျေးကွက်တွင်သရက်သီးအစိမ်း(သုံးရာသီသရက်) စျေးကွက်မှာ  အရောင်းသွက်သည့်ကုန်စိမ်းအမယ်ဖြစ်ကြောင်း သိရပါ တယ်။ 

DOCA(မန္တလေး)