အရောင်းသွက်သည့်မန္တလေးဆီထွက်သီးနှံစျေးကွက်

Powered by Drupal

           ဆီထွက်သီးနှံမြေပဲ၊နှမ်းနှင့်နေကြာသီးနှံများအား မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးတို့တွင် အများအပြားစိုက်ပျိုးလျက်ရှိပါတယ်။ ပြည်တွင်း စားဆီ ကြိတ်ခွဲရာတွင် အဓိကအသုံးပြုသည့် မြေပဲနှင့် နှမ်းသီးနှံမှာ ပြည်တွင်းစားသုံးခြင်းနှင့် ပြည်ပသို့တင်ပို့သည့်သီးနှံအမယ်များဖြစ်ပြီး၊နေကြာသီးနှံမှာ ပြည်တွင်းစားဆီအဖြစ်ကြိတ်ခွဲကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း မြေပဲသီးနှံအား မိုးမြေပဲနှင့် ဆောင်းမြေပဲရာသီ အလိုက်လည်းကောင်း၊ နှမ်းသီးနှံအား နွေနှမ်း၊မိုးနှမ်းနှင့်ဆောင်းနှမ်းရာသီအလိုက်လည်းကောင်း၊ နေကြာသီးနှံအား မိုးနေကြာနှင့်ဆောင်းနေကြာရာသီအလိုက်လည်းကောင်း စိုက်ပျိုးကြောင်း သိရ ပါတယ်။ ဆီထွက်သီးနှံများမှာ ကျန်းမာရေးနှင့်ညီညွတ်သည့်အဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ခြင်း တို့ကြောင့် ပြည်တွင်း၌ မြေပဲ၊နှမ်းနှင့်နေကြာသီးနှံတို့  သီးနှံအလိုက်ကုန်ကြမ်း၊ ကုန်ချောအဖြစ် ပြုပြင်ရောင်းချခြင်း၊ ဆီကြိတ်ခွဲ၍ စားသုံးဆီအဖြစ်စားသုံးခြင်း၊ ဆေးဝါးအဖြစ် သုံးစွဲခြင်း၊ သရေစာ မုန့်အမျိုးမျိုးတို့တွင် ထည့်သွင်းစားသုံးကြောင်း တွေ့ရပါတယ်။ နိုင်ငံတော်မှ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့်နေကြာသီးနှံများအား ဆီထွက်သီးနှံဇုန်များ ဖွဲ့စည်းကာပန်းတိုင် ရည်မှန်းချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးတွန်းအားပေးဆောင်ရွက်လျက်ရှိခြင်း၊ ထွက်ရှိလာသည့် သီးနှံများအား စျေးကွက် ရရှိရေး၊ စားသုံးဆီကြိတ်ခွဲ၍ ပြည်တွင်းစားဆီဖူလုံမှုရှိစေရန်နှင့် စားအုန်းဆီ တင်သွင်းမှုလျော့ချ နိုင်ရန်တို့အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ချေး၍ စားဆီထုတ် လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ကဏ္ဍအသီးသီးမှ ဘက်စုံကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဒေသ အသီးသီးမှ ထွက်ရှိသည့်ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံ ဝင်ရောက်လျက်ရှိသည့်မန္တလေးပွဲစား၊ ကုန်သည် စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ဖေဖော်ဝါရီလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် အမျိုးအစားအလိုက်ဆီထွက်သီးနှံအလိုက် တစ်ပိဿာပေါက်စျေးများမှာ မြေပဲ(S1)လုံးဆန် ၉၀၀ဝ ကျပ်နှင့် ၉၂၀ဝ ကျပ်၊မြေပဲ(S1)ဆီဆန် ၈၅၀ဝ ကျပ် နှင့် ၈၇၀ဝ ကျပ်၊မြေပဲအနီလုံးဆန် ၈၂၀ဝ ကျပ် နှင့် ၈၅၀ဝ ကျပ်၊ မြေပဲအနီဆီဆန် ၈၀၀ဝ ကျပ်နှင့် ၈၂၀ဝ ကျပ်၊ မြေပဲ(M)တွဲလုံးဆန် ၉၁၅ဝ ကျပ်နှင့် ၉၂၀ဝ ကျပ်၊မြေပဲ(M)တွဲဆီဆန် ၈၆၅ဝ ကျပ်နှင့် ၈၇၀ဝ ကျပ်စျေး၊ပြည်ဆီဆန် ၈၈၀ဝ ကျပ်၊ နှမ်းဖြူ(ဗမာ)၇၇၇၈ ကျပ် ၊နှမ်းဝါ ၇၁၁ဝကျပ်၊နှမ်းညို ၆၈၈၉ကျပ်၊ပန်းနှမ်း ၅၂၂ဝ ကျပ်၊ ဆီနေကြာ ၆၄၈ဝ ကျပ်နှင့် ၆၆၆၇ ကျပ် တို့ အသီးသီးဖြစ်ပေါ်လျက်ရှိပြီး၊ ရက်အလိုက်အနည်းငယ် ပြောင်းလဲမှု ရှိကြောင်း သိရပါတယ်။ဆီထွက် သီးနှံပေါက်စျေးများ ဇန်နဝါရီလနောက်ဆုံးပတ်ပေါက်စျေး နှင့် နှိုင်းယှဉ်ပါက ဝယ်ယူမှုများပြားသည့် မြေပဲစျေးအနည်းမြှင့်တက်သွားပြီး၊ နှမ်းနှင့်နေကြာစျေးနှုန်း များမှာ ငြိမ်နေကြောင်းသိရပါတယ်။  စားသုံးဆီအဖြစ် ကြိတ်ခွဲခြင်းဖြင့် ပြည်တွင်းစားသုံးဆီ ဖူလုံစေခြင်း၊ ဆီကြိတ်ခွဲရာမှထွက်ရှိသည့် ပဲဖတ်၊ နှမ်းဖတ်၊ နေကြာ ဖတ်များမှာ မွေးမြူရေးလုပ်ငန်း များတွင် တိရိစ္ဆာန်အစာအဖြစ်အသုံးပြုခြင်း၊သီးနှံအလိုက် ကုန်ကြမ်းနှင့်ကုန်ချောများအား ပြည်ပသို့ တင်ပို့ခြင်းဖြင့် ပို့ကုန်ဝင်ငွေရရှိခြင်း၊ မန္တလေးစျေးကွက်အတွင်း ဖေဖော်ဝါရီလပထမပတ်အတွင်း ဆီထွက်သီးနှံများ အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ 

DOCA(မန္တလေး)