ပဲစောင်းလျားသီးမျိုးစေ့မှသည် ပဲမြစ်

Powered by Drupal

ပဲမြစ်ကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း အများဆုံးစိုက်ပျိုးကြပြီး တံတားဦး(မကျည်းတော)ပဲမြစ်က နာမ်မည်ကြီးဖြစ်ပါသည်။ အရည်အသွေး ကောင်းမွန်ပြီး အရသာလည်းကောင်းမွန်လှပါတယ်။ ယာမြေ၊ သဲနှုန်းမြေများ ပေါ်မှာသာ အဓိက စိုက်ပျိုးကြပါတယ်။ ပဲမြစ်ကို သတင်းကျွတ်လကုန်ပိုင်းတွင် စိုက်ပျိုးပြီး ပြာသိုလမှာ ဖြိုင်ဖြိုင် ထွက်ပေါ်နေခဲ့ပြီးဖြစ်ပါတယ်။ ဈေးကွက်အတွင်း၌ လက်လီဈေး ပဲမြစ်တစ်ပိဿာလျှင် (၄၀၀၀/၆၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပါသည်။ ပဲမြစ်စားကုန်သာ လူသိများပြီး ပဲမြစ်မျိုးစေ့ကိုတော့ ဘယ်လိုရတယ်ဆိုတာ လူသိနည်းလှပါတယ်။ ပဲမြစ်ပင်မှ သီးသော ပဲမြစ်သားသီးခေါ် ပဲစောင်းလျား သီးကို ပဲသီးနုနုခူးစားလို့ရပြီး အောက်ပိုင်းပဲမြစ်သားသီးမှထွက်ရှိသော ပဲမြစ်မျိုးစေ့ကို ပြန်လည် စိုက်ပျိုးလို့ မရပါဘူး။ စိုက်လို့ရခဲ့လျှင်လည် အရည်အသွေးကောင်းပဲမြစ်မထွက်ရှိသလို အောင်မြင် ဖြစ်ထွန်းမှုလည်း အလွန့်အလွန်နည်းပါးလှပါသည်။ ထို့အတွက်ကြောင့် ပဲမြစ်စိုက်ပျိုး ထုတ်လုပ်သူ တောင်သူများမှ ယခုနှစ် ပဲမြစ်ထွက်ပေါ်ချိန်မှစ၍ လာမည့်နှစ်စိုက်ပျိုးရန်အတွက် ပဲမြစ်မျိုးစေ့ မျိုးကောင်းမျိုးသန့်ရရှိရေး အသည်းအသန်ရှာဖွေရပါတယ်။ ကျောက်ဆည်ခရိုင် အတွင်းမှာ အဓိကစိုက်ပျိုးသော ပဲမြစ်မျိုးစေ့နှစ်မျိုးရှိပါသည်။ အထက်ပိုင်းထီးလှိုင်မြို့နှင့် ဘန့်ပွေးနယ်မှ လာသော ဝက်ဝံမျိုး(လားဟူ)မျိုးတို့ဖြစ်သည်။ အထက်ပိုင်း ထီးလှိုင်နယ်မှလာသော ပဲမြစ်မျိုးစေ့မှာ တစ်တောင့်တိုးတောင့်ရှည်ထွက်ပြီး ဥပွားနဲကာ စားသုံးသည့်နေရာမှာလည်း အနည်းငယ်ကြမ်းပြီး အခွံထူကာ ထွက်နှုန်းတော့ကောင်းတယ်လို့ဆိုပါတယ်။ ယခင်နှစ် ထီးလှိုင်ပဲမြစ် မျိုးစေ့(၁၆)ပြည် တစ်တင်းလျှင် ၂၅၀၀၀၀ ကျပ်ဈေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးခဲ့ရတယ်လို့ တောင်သူတစ်ဦးက ဆိုပါ တယ်။ ကျန်တစ်မျိုးမှာ ဘန့်ပွေးမျိုးဖြစ်ပြီး ပဲမြစ်တောင့် ပွားထွက်ဥတက်သော အမျိုးအစားဖြစ် ပါတယ်။ ၎င်းမျိုးမှာ အူတိုင်အမျှင်သေးသေးသာပါရှိပြီး အရသာအလွန် ကောင်းမွန်သော အခွံပါးပြီး သံယောဇဉ်ပဲမြစ်မျိုးဖြစ်ပါသည်။ ၎င်းပဲမြစ်မျိုးစေ့ကို ပြင်ဦးလွင်ခရိုင် အတွင်းမှာလည်း အနည်းငယ် စိုက်ပျိုးကြောင်း သိရှိရပါသည်။ ယခင်နှစ်တွင် အထက်ဘန့်ပွေးမျိုး ပဲမြစ်မျိုးစေ့(၁၆)ပြည် တစ်တင်းလျှင် ၂၀၀၀၀၀ ကျပ်ဈေး ပေါက်ခဲ့ကြောင်း သိရပါတယ်။ ပဲမြစ်မျိုးစေ့ဈေးနှုန်း သက်သာ ပြီး အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်း၊ ဈေးကွက်ကောင်းသော ဘန့်ပွေးမျိုးကို တောင်သူ တိုင်းရချင်ပေမယ့် မရလျှင် ရတဲ့မျိုးကို စိုက်ပျိုးကြတယ်လို့ ဆိုပါတယ်။ တောင်သူများအထူး သတိထားရသည်မှာ အောက်ပိုင်းထွက် ပဲမြစ်မျိုးစေ့ကို ပြန်လည်စိုက်ပျိုး၍ မရသလို နှစ်ဟောင်းပဲ-နှစ်ချို့ပဲ မျိုးစေ့များကိုလည်း စိုက်ပျိုး၍မရပါ။ နှစ်ဟောင်းပဲ-နှစ်ချို့ပဲ မျိုးစေ့များကို စိုက်ပျိုးမိပါက ရေသွင်းစဉ်တွင် သိရှိရပြီး အပင်မပေါက်ပဲ မျိုးစေ့နှစ်ခြမ်းကွဲသွား တယ်လို့ဆိုပါတယ်။ ဒါကြောင့်မို့ ပဲမြစ်စိုက်ပျိုး ထုတ်လုပ်တောင်သူများ ပဲမြစ်မျိုးစေ့မမှားစေဖို့ ပဲမြစ်မျိုးစေ့ ထုတ်လုပ်ငန်းလုပ်ကိုင်သူ တောင်သူ တစ်ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

        ပြင်ဦးလွင်ခရိုင်အတွင်း ပဲမြစ်မျိုးစေ့စိုက်ပျိုးထုတ်လုပ်သူ တောင်သူတစ်ဦးထံမှ သိရှိရသည်မှာ ပဲမြစ်မျိုးစေ့စိုက်ပျိုးရန်အတွက် တောင်ယာမြေများကို တပေါင်းတခူးလများတွင် သစ်ပင်ချုံပင် များအား ခုတ်ထွင်ရှင်းလင်းပြီး မြေယာပြုပြင်ထားရပါသည်။ ၎င်းမြေယာများကို ထွန်ယက်စရာ မလိုဘဲ မိုးဦးကာလဖြစ်သော ဇွန်၊ ဇူလိုင်လတွင် စတင်စိုက်ပျိုးရပါသည်။ ပဲမြစ်မျိုးစေ့ လေးပြည် စိုက်ရန်အတွက် မြေယာတစ်ဧကကျော်လောက် ရှင်းလင်းထားရပါတယ်။ မျိုးစေ့တစ်ကျင်း တစ်စေ့-နှစ်စေ့နှုန်းဖြင့် (၅)ပေကွာ၍ မြေကြီးကို ပေါက်တူးဖြင့် အပေါက်ဖောက်၍ စိုက်ပျိုးရ ပါတယ်။ ရှေ့က လူတစ်ယောက်အပေါက်ဖောက်ပြီး နောက်က အမျိုးသမီးတစ်ယောက် လိုက်စိုက်ပြီး မြေဖုံးရပါတယ်။ လူနှစ်ယောက်(၅)တွဲ နှစ်ရက် စိုက်ပျိုးရပါတယ်။ စိုက်ပျိုးပြီးသည် နှင့်တပြိုင်နက် ပဲမြစ်ပင်ဝါးတိုင်ထောင်ရန်အတွက် ဝါးခုတ်၊ ဝါးတိုင်ချွန် လုပ်ရပါတယ်။ ဝါးတိုင် တစ်တိုင်လျှင် (၁၂၀)ကျပ်နှုန်းပေး၍ အငှားခုတ်ရပါတယ်။ ပဲမြစ်မျိုးစေ့(၄)ပြည် စိုက်ရန်အတွက် ဝါးတိုင်(၃၀၀၀)စိုက်ရပါတယ်။ စိုက်ပြီးပြီး တစ်ပတ်အတွင်း အပင်ပေါက်ပါတယ်။ အပင်ပေါက်ပြီး အရွက်(၂)လတ် ထွက်ချိန်တွင် တိုင်ထိုင်ပေးရတယ်လို့ဆို ပါတယ်။ ဝါးတိုင်စိုက်ရာတွင်လည်း ရှေ့တစ်ယောက်ကသံတရွင်းနဲ့ဖောက်ပြီး နောက်တစ်ယောက်က တိုင်လိုက်စိုက်ရလို့ လူနှစ်ယောက် သုံးတွဲတိုင်စိုက်ရပါတယ်။ တိုင်စိုက်ပြီးလျှင်တော့ ယာခင်းကို ခဏပစ်ထားလို့ရပါပြီ။ ဩဂုတ်လ အတွင်းမှာတော့ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲပင်များ အောင်မြင်ဖြစ်ထွန်းပြီး ဝါးတိုင်များ ပေါ်သို့ နွယ်ရစ်တက်သွားမည်ဖြစ်ပါသည်။ နွယ်ရစ်တက်သွားစဉ် ကြားပေါင်းရှင်း နှစ်ယောက်နှစ်တွဲ နှစ်ကြိမ်ပေါင်းရှင်းပေးရပါတယ်။ အောက်တိုဘာလ၊ နိုဝင်ဘာလ အတွင်းမှာတော့ အပွင့်တလူလူ ဖြင့် အသီးများလှိုင်လှိုင်သီးနေပြီဖြစ်ပါသည်။ ပဲမြစ်သီးသီးချိန်တွင် ကြက်တူရွေးအန္တရာယ်၊ ဖြူကောင်အန္တရာယ်ကို သတိထားရပါမယ်။ ကြက်တူရွေးအကောင် (၅၀/၁၀၀)အုပ်လိုက်ကြ တက်လို့ သတိထားရပြီး စာကြောက်ရုပ်လုပ်ကာ လူစောင့်ခြောက်ရပါတယ်။ ညအချိန်မှာ ဖြူကောင်က အပင်ခြေတူးပြီး ဖြတ်ဆီးတက်သောကြောင့် ဖြူမဝင်အောင် အကာ၊ အတားများ ဖြူထောင်ခြင်းများ ဆောင်ရွက်ရတယ်လို့ဆိုပါတယ်။ အဲဒီအဖြတ်အန္တရာယ် လွတ်မြောက်ပြီဆိုပါက ပဲမြစ်သီးများ ဒီဇင်ဘာလတွင်း၌ ကောင်းမွန်စွာရင့်မှည့်လာပြီဖြစ်ပါတယ်။ ယခုအချိန်တွင် ပဲမြစ်သီးများ စတင်ရင့်မှည့်ပြီဖြစ်၍ ခူးဆွတ်နေရပြီဖြစ်ပါသည်။ ပဲမြစ်မျိုးစေ့ယူမှာ ဖြစ်သည့် အတွက်ကြောင့် ပဲမြစ်ဥ မဥပါ။ ပဲမြစ်ဥစား၍မရပါ။ ပဲမြစ်မျိုးစေ့နှစ်ပြည်စိုက်ထားပြီး တိုင် (၃၀၀၀)ထောင်ထားကာ ကောင်းမွန်စွာထွက်ရှိမည်ဆိုပါက မျိုးစေ့(၈)တင်းကျော်ထွက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ စတင်စိုက်ပျိုးချိန် ဇူလိုင်လမှ ဒီဇင်ဘာလအထိ (၆)လကျော်ကာလအတွင်း စုစုပေါင်း ကုန်ကျစရိတ် (၁၀)သိန်းကျော် ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။ ပဲမြစ်မျိုးစေ့က ယခင်နှစ် ပဲမြစ် မျိုးစေ့စိုက်ခင်းမှ အကြီးဆုံးအတောင့်များကို ရွေးချယ်သိမ်းဆည်းထားပြီး စိုက်ပျိုးချိန် ရောက်မှ ထုတ်စိုက်ပျိုးခြင်းဖြစ်သည့်အတွက်ကြောင့် လုပ်သားစရိတ်များ အများဆုံးကုန်ကြတယ်လို့ဆို ပါတယ်။ လုပ်သားခအနေဖြင့် အမျိုးသား(၁၀၀၀၀)ကျပ်၊ အမျိုးသမီး(၈၀၀၀)ကျပ် ပေးရပါတယ်။ ယခုနှစ်တွင် ပဲမြစ်မျိုးစေ့(၁၆)ပြည်တစ်တင်းလျှင် ကျပ်(၃/၄)သိန်း နှုန်းပေါက်ဈေးရရှိနေပြီ ဖြစ်ပါသည်။ ၎င်းဈေးနှုန်းအရ(၂၅)သိန်းလောက် ဝင်ငွေရရှိပြီး အကျိုးအမြတ်အနေဖြင့် (၁၅)သိန်း လောက် ရရှိနိုင်တယ်လို့ ဆိုပါတယ်။

အောက်ပိုင်းပဲမြစ်စိုက်ပျိုးသူ တောင်သူများမှာလဲ ပဲမြစ်အရည်အသွေးကောင်း အထွက်နှုန်း ကောင်းဖို့ရန်အတွက် ပဲမြစ်မျိုးစေ့မမှားစေဖို့ ယခုအချိန်မှစ၍ ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။  ပဲမြစ်မျိုးစေ့ (ပဲစောင်းလျားသီးစေ့)စိုက်ပျိုးထုတ်လုပ် သူများမှာ လွန်စွာအရေးပါလှကြောင်း ပဲမြစ် မျိုးစေ့စိုက်ပျိုးထုတ်လုပ်သူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)