မြန်မာ့ရိုးရာ ထမနဲပွဲ

Powered by Drupal

ထမနဲပွဲသည် မြန်မာ့ရိုးရာဆယ့်နှစ်လရာသီပွဲတော် တစ်ခုဖြစ်သည်။ ထမနဲပွဲတော်ကို တပို့တွဲ လဆန်းမှစ၍လပြည့်နေ့ထိ ကျင်းပကြ၍ထင်ရှားသောပွဲတော်တစ်ခု ဖြစ်ပါသည်။ ကောက်ညှင်းစပါး သစ်ပေါ်ချိန်တွင် ထမနဲပွဲ ကျင်းပကြပါသည်။တပို့တွဲလသည် ဆောင်းရာသီ၏ နောက်ဆုံးလဖြစ်သော ကြောင့် အအေးပို၍ နှာရည်ယိုတွဲ တပို့တွဲဟုတင်စားခေါ်ဝေါ်ကြသည်။ တပို့တွဲလကို မြန်မာမှုအရ ကုံရာသီဟု ခေါ်၍ ရာသီပန်းကား ပေါက်ပန်း၊ လဲပန်းဖြစ်သည်။ ရာသီပွဲတော်ကား မီးပုံးအလှုပွဲ ထမနဲပွဲ ဖြစ်သည်။ တပို့တွဲလပြည့်နေ့သည် အအေးဆုံးရက် ဖြစ်သောကြောင့်ဗုဒ္ဓဘာသာဝင် တို့ကိုးကွယ်ရာ ဖြစ်သောအတုမရှိဗုဒ္ဓမြတ်စွာဘုရားရှင်အား ခြေတော် ၊လက်တော် များအေးသောကြောင့်မြတ်စွာဘုရား အားရည်မှန်း၍ဗုဒ္ဓဘုရားအား နံသာများ၊မီးများပူဇော်သော မီးပုံပွဲများ ကျင်းပ ကြသည်။ မန္တလေးမဟာမြတ်မုနိဘုရားကြီး တွင်တပို့တွဲလပြည့်နေ့၌မီးပူဇော်ပွဲအား ခမ်းနားစွာကျင်းပ ကြောင်း သိရှိရပါသည်။ထိုကဲ့ပူဇော်ကြ၍ အညံ့အဆိုး များ ကင်းဝေးကြသည် ဟုယူဆကြပါသည်။ တပို့တွဲလပြည့်နေ့သည် ဘုရားရှင်၏ အဆုံးအမ ဩဝါဒပါတိမောက် အခါတော်နေ့နှင့် မြန်မာ့ရိုးရာ ထမနဲပွဲတော်နေ့ဖြစ်ပါသည်။

 တပို့တွဲလ ထမနဲပွဲဟုဆိုသည့်အတိုင်း အဖိတ်နေ့တွင်ထမနဲထိုးပြီး တပို့တွဲလပြည့်နေ့ အရုဏ်တက် တွင် မြတ်စွာဘုရားနှင့်သံဃာတော်များအား ထမနဲ ဆွမ်းတော်ကပ်ခြင်း၊ အိမ်နီးချင်းမိတ်ဆွေများ ဝေငှခြင်းများ ပြုလုပ် ၍ကုသိုလ်ယူကြသည့်ဓလေ့မှာ ချစ်စရာကောင်းလှပါသည်။ ထမင်းနဲတွင်ပါဝင်သော ပစ္စည်းများမှာကောက်ညှင်းဆန်၊ ဆား၊ဂျင်း၊အုန်းသီး၊မြေပဲ၊သကြား၊သစ်ကြားသီး၊နှမ်း၊ဆီစသည့် အဓိက ပါဝင်ပစ္စည်းများဖြင့် ထိုးရသော မုန့်တစ်မျိုး ဖြစ်ပါသည်။ ယင်း ထမင်းနဲ့ထိုးခြင်းနှင့်စပ်လျဉ်း၍ လိုသောပစ္စည်းအချိန်အဆကိုတေးထပ်စပ်ဆိုရာ “စားတော်ရ ဆန်ပေါက်ဝါ၊လေးပြည်သာထည့်မြဲ၊ ချိန်ပိဿာလျှံကြည်ရွှဲအောင်လို့၊နှမ်းဆီလဲထည့်ပြန်။ မြေပဲဆန်၊အဋ္ဌသုညငယ်နှင့်ဒွတ္တိံသ တိလဗီဇံ။ အုန်းသီးစိတ် ကျပ်ဝီသံငယ်၊လော န တံ ချိန်သတ်နှင့်ချင်းနုဖတ် သိင်္ဂီမျှင်ရွှေ သုံးကျပ်မသွေ” ဟူ၍သိရသည်။ အဓိပ္ပာယ်မှာ ကောက်ညှင်းဆန်လေးပြည်၊ နှမ်းဆီတစ်ပိဿာ၊မြေပဲဆန် ၈ဝကျပ်သား၊နှမ်း ၃၂ ကျပ်သား၊အုန်းသီးစိတ် ၂ဝကျပ်သား၊ ဆား ၇ ကျပ်သား၊ ချင်းစိမ်း ၃ဝကျပ်သား  တို့ကို ဒယ်အိုးတွင် နှံ့အောင်မွှေ၍ ယာဂုနှင့် ထမနှဲ အတူတူပဲဟုဆိုရိုးရှိ၏။

 မြန်မာနိုင်ငံအနှံ့အပြားအမြို့မြို့အနယ်နယ်၊ရပ်ကွက်၊ ကျေးရွာ၊ ဌာနဆိုင်ရာများတွင် ထမနဲ ထိုးပြိုင်ပွဲများ ကျင်းပကြကြောင်း၊ ပြိုင်ပွဲတွင်အကဲဖြတ်ဒိုင်များကအရသာတစ်ခုတည်း အကဲဖြတ်ခြင်း မဟုတ်ဘဲအသင်းအဖွဲ့၏ ပူပေါင်းဆောင်ရွက်မှု၊စည်းလုံးညီညွတ်မှုနှင့်သန့်ရှင်းသပ်ရပ်မှုကို အလေးထား အကဲဖြတ်ပြီး ထမနဲထိုးသည့်အခါ အားထည့်ထိုးရသည့်အတွက် စည်းလုံးညီညွတ်မှုကို ထင်ရှားစေသောမုန့်မျိုးဖြစ်ပါသည်။ ထည့်ဝင်သောပစ္စည်းများ အချိန်အဆမှန်၍အထိုးနိုင်ကထမနဲ ကချို၊စိမ့်မွှေး၍ အလွန်စားကောင်းရုံမကရက်ရှည်လည်း အထားခံသော မုန့်မျိုး ဖြစ်ပါသည်။ မန္တလေးမြို့တွင် ထမနဲဆိုင်များစွာ ဖွင့်လှစ်ရောင်းချလျက်ရှိရာ လက်ဆောင်ပေးရန်၊ ဘုရားဆွမ်းကပ်ရန် အတွက်လည်းကောင်း အလွယ်တကူဝယ်ယူရရှိနိုင်ကြောင်း၊ မန္တလေးမြို့တွင် ထမနဲဆိုင်များစွာရှိသည့်အနက် မန္တလေးနှင့် “ဒေါ်ရှိ” ထမနဲကတော့ ခွဲခြားမရကြောင်း၊ ထမနဲ ၂၅ ကျပ်သား တစ်ထုပ်လျှင် ကျပ်၈၀၀၀/- ဈေးဖြင့် ဝယ်ယူရရှိနိုင်ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)