ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် မင်းဂွတ်သီးများ ဈေးကောင်းရနေ

Powered by Drupal

             ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ မြောင်းဦးကျေးရွာတွင် မင်းဂွတ်သီးများ စတင်ထွက်ရှိပြီး ဈေးကောင်းရနေကြောင်း မင်းဂွတ်သီး စိုက်ပျိုးသူများ၏ ပြောဆိုချက်အရ သိရသည်။လတ်တလောတွင် မင်းဂွတ်သီး အကြီးတစ်လုံးလျှင် ငွေကျပ် ၂၂၅၊ အလတ် တစ်လုံးလျှင် ငွေကျပ် ၂၀၀ နှင့် အသေးတစ်လုံးလျှင် ငွေကျပ် ၁၅၀ အထိ ဈေးနှုန်း ရရှိနေပြီး အလုံးရေ ၂၀၀ ပါ ခြင်းတစ်ခြင်းလျှင် ငွေကျပ်  ၄၅၀၀၀၊  ၄၀၀၀၀ နှင့် ၃၀၀၀၀  စသည်ဖြင့်  ဈေးနှုန်းအသီးသီးရရှိကြောင်း သိရသည်။ “မင်းဂွတ်သီးကတော့ နှစ်စဉ် အရောင်းသွက်ပါတယ်။ ဒီနှစ်က ဈေးလည်းကောင်းတယ်” ဟု မုန်းမြို့၊ မြောင်းဦးကျေးရွာမှ ဒူးရင်းနှင့် မင်းဂွတ်သီး စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူထံမှ သိရသည်။                  

            မင်းဂွတ်သီးသည် နိုဝင်ဘာလမှစ၍ အဖူးဖူးလေ့ရှိပြီး ခြောက်လခန့်အကြာတွင် ဆွတ်ခူးနိုင်ကြောင်း သိရသည်။ “ခူးတာကတော့ အခွံလေးတွေ အညိုရောင်သန်းမှ ခူးတာပိုကောင်းတယ်။  အညိုရောင်မသန်းခင် ခူးလိုက်ရင် စားမကောင်းတော့ဘူး။ ရောင်းတမ်းဝင်အောင် အညို ရောင်သန်းမှခူးပါတယ်။သူက ဒူးရင်းသီးလိုမဟုတ်ဘူး။  ပိုးမွှားရောဂါဒဏ်လည်းခံနိုင်တယ်။  ရေတော့မှန်မှန်ပေးရတယ်”  ဟု မင်းဂွတ်သီး စိုက်ပျိုးရေးလုပ်ကိုင်သူထံမှသိရသည်။ မင်းဂွတ်ပင်တွင် သီးပုပ်နှင့် သီးခွံမာ ရောဂါသာရှိပြီး  ဒူးရင်းသီးကဲ့သို့  ပိုးကျရောက်မှုမရှိကြောင်း၊ သက်တမ်းအားဖြင့် ၁၀ နှစ်ဝန်းကျင်တွင် စတင်ဆွတ်ခူးနိုင်ပြီး သက်တမ်း  နှစ် ၄၀  မှ ၅၀ ခန့်အထိ ဆွတ်ခူးနိုင်ကြောင်း သိရသည်။

            ယခုလို ဒူးရင်းသီးပေါ်ချိန်တွင် မြန်မာနိုင်ငံရှိ လူအများစုသည် ဒူးရင်းသီးကို စားသုံးကြပြီးနောက် မင်းဂွတ်သီးကို စားသုံးလေ့ရှိကြသည်။ ဒူးရင်းသီး၏ သဘာဝမှာ အပူများ၍ မင်းဂွတ်သီးတွင် အေးသော သဘာဝဓာတ်ပါသဖြင့် အပူအအေးမျှတအောင် စားသုံးသင့်ကြောင်းသိရှိရသည်။ မင်း ဂွတ်သီးကို ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့၌ စိုက်ပျိုးလေ့ရှိပြီး ဈေးကွက်ဝင် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)