ရုံးပတီသီးနှံ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို      အဓိကထားလုပ်ကိုင်ကြပြီး စပါး၊ ပဲ၊ ပြောင်း၊ နှမ်း စသည့်သီးနှံများ စိုက်ပျိုးသည့်အပြင် စားဖိုဆောင် သီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ရုံးပတီသီး သီးနှံကို လည်း စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရသည်။

          ရုံးပတီသီးမျိုးအနေဖြင့် ပင်ပုမျိုး၊ ပင်လတ်မျိုး၊ ပင်မြင့်မျိုးများဖြစ်ပြီး ပင်မြင့်မျိုး (Finger One) ရုံးပတီမျိုးကို အများဆုံး စိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် မျိုးစေ့ ၁၂ ထုပ် စိုက်ပျိုးရပြီး စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း ငွေကျပ် ၁၂၀၀၀၀၀ ခန့် ကုန်ကျကြောင်း၊ ရုံးပတီသီးနှံကို စိုက်ပျိုးပြီး ၄၅ ရက်အကြာတွင် စတင်ခူးဆွတ်ရ၍ တစ်ရက်ခြား တစ်ကြိမ် ခူးဆွတ်လျက်ရှိရာ သက်တမ်းအနေဖြင့် ၂ လထိ ခူးဆွတ်ရကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ရုံးပတီသီးပိဿာချိန် ၁၈၀၀ ခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၂၃၀၀-၂၅၀၀၊ လက်လီဈေး တစ်ပိဿာလျှင် ငွေကျပ် ၂၈၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ပျမ်းမျှ ၃၀ သိန်းခန့် ရရှိပြီး ဈေးကွက်အနေဖြင့် ရန်ကုန် ကုန်စိမ်းပွဲရုံသို့ ချိတ်ဆက်တင်ပို့ကြောင်း၊ ရုံးပတီပင်သည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ဈေးကောင်းရရှိသည့်အတွက် တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိကြောင်း တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)