တောင်ငူကော်ဖီမှုန့် ဈေးကွက်

Powered by Drupal

               ကော်ဖီသောက်ခြင်း အလေ့အထသည် အနောက်နိုင်ငံများတွင်သာမက တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေပါသည်။ မြန်မာနိုင်ငံတွင်လည်း မြို့ကြီးများတွင်သာမက တောရွာများတွင်ပါ ကော်ဖီသောက်ခြင်းဓလေ့သည် ပေါ်ပြူလာဖြစ်နေပါသည်။ ဆွမ်းကျွေး၊ အလှူများတွင် ထမင်းကျွေးပြီး ကော်ဖီ၊ လက်ဖက်ရည်ကို အချိုပွဲများအဖြစ် တည်ခင်းဧည့်ခံနေကြပါသည်။

              ၁၉၀၁ ခုနှစ်တွင် ဂျပန်လူမျိုး ဆာတိုရီကီဆိုသူက Instant Coffee ကို အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် စတင်တည်ထွင်ခဲ့ပါသည်။ ၁၉၃၈ ခုနှစ်တွင် Nescafe ဆိုသောနာမည်ဖြင့် တစ်ကမ္ဘာလုံးသို့ ထိုးဖောက်နိုင်ခဲ့ပါသည်။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့တွင်လည်း Linn Coffee ၊ ပဒေသာကော်ဖီ၊ ဖိုးလမင်းကော်ဖီမှုန့်လုပ်ငန်းများသည် တောင်ငူမြို့ထွက် ကော်ဖီမှုန့်များအဖြစ် လူသိများကြပါသည်။

              ကော်ဖီမှုန့်ကြိတ်ရန် ကော်ဖီစေ့ကုန်ကြမ်းများကို ကရင်ပြည်နယ် သံတောင်ကြီး၊ လိပ်သို၊ ချင်းပြည်နယ် မင်းတပ်နှင့် ရှမ်းပြည်နယ် ရွာငံဒေသတို့မှ မှာယူရသည်ဟု သိရှိရပါသည်။ ကော်ဖီသီးများကို ဒီဇင်ဘာလတွင် စတင်ဆွတ်ခူးပြီး ဖေဖော်ဝါရီ၊ မတ်လများသည် ကော်ဖီလှိုင်လှိုင်ပေါ်သည့်လများအဖြစ် သိရှိရပါသည်။

              အခြောက်ခံပြီး သံတောင်ဒေသထွက် ကော်ဖီသီး တစ်ပိဿာလျှင် ၄၅၀၀ ကျပ်မှ ၆၅၀၀ ကျပ်၊ ရွာငံဒေသထွက် အလုံးကြီးကော်ဖီသီးဆိုလျှင် ကုန်ကြမ်းတစ်ပိဿာ ၇၀၀၀ ကျပ်ထိ ဝယ်ယူရကြောင်း၊ သံတောင်ကြီးဒေသ ကော်ဖီခြံရှင်များက ကော်ဖီမှုန့်ကြိတ်သည့် နေရာများသို့ တိုက်ရိုက်လာရောက်ရောင်းချသူများလည်းရှိကြောင်း၊ ကော်ဖီမှုန့်ကြိတ်ရန် လိုအပ်သည့် ကုန်ကြမ်းများကိုလည်း ပွဲရုံများမှ ဝယ်ယူရကြောင်း၊ ကော်ဖီမှုန့်ကြိတ်ရန် ကော်ဖီစေ့ကုန်ကြမ်း လိုအပ်ချက်မှာ လုပ်ငန်းရှင်တစ်ဦးလျှင် ၁၀ တန်ခန့်ရှိကြောင်း၊ ဒေသအလိုက် ကုန်ကြမ်းဝယ်ယူရာတွင်လည်း ခက်ခဲမှုမရှိကြောင်း သိရပါသည်။

              ကော်ဖီကြိတ်ရန် အခြောက်ခံထားပြီးသော ကော်ဖီစေ့များကို ပြန်လှော်ရကြောင်း၊ ကော်ဖီစေ့ တစ်ပိဿာလှော်လျှင် အမှုန့်ကြိတ်ရန် ကော်ဖီ ၇၀ ကျပ်သား ရရှိကြောင်း၊ ၃၀ ကျပ်သားခန့်မှာ လှော်လိုက်သည့်အတွက် အခွံများကျွတ်သွားကြောင်း၊ လှော်ပြီးသား ကော်ဖီစေ့ ၇၀ ကျပ်သားကို ကြိတ်စက်ထဲထည့်ကြိတ်လျှင် လျော့နည်းမှုမရှိဘဲ ၇၀ ကျပ်သားခန့် ပြန်လည်ရရှိကြောင်း၊ ထွက်ရှိလာသည့် ကော်ဖီမှုန့်များကို တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ် ရောင်းရကြောင်း၊ ကြိတ်ခွဲထားသည့် ကော်ဖီမှုန့်ကုန်ချောများကို ရန်ကုန်၊ ပြည်၊ မန္တလေး၊ ဘားအံ၊ မြဝတီ၊ ပုသိမ်၊ လွိုင်ကော်မြို့များသို့ တင်ပို့ရောင်းချရကြောင်း၊ လုပ်သားခ၊ လျှပ်စစ်မီတာခ၊ ထုပ်ပိုးခများစသည့် ကုန်ကျစရိတ်များရှိသော်လည်း ထိုက်သင့်သည့် အကျိုးအမြတ်ရရှိပါကြောင်း ကော်ဖီမှုန့်လုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက်အရ သိရပါသည်။

DOCA(ပဲခူး)