
ဈေးကွက်အတွင်း၌ ဆောင်းရာသီစာ သီးနှံများဖြစ်ကြသော မုံညင်း၊ ကိုက်လန်၊ ဆလပ်ရွက်၊ ပန်းမုံလာ၊ ပန်းဂေါ်ဖီ စသည့် သီးနှံများနှင့်အတူ ထွက်ပေါ်ခဲ့သော သီးနှံတစ်မျိုးမှာ ဖက်ချီမိုး(ခေါ်)တောင်အော်ရွက်ကို သိသူအလွန်နည်းပါးလှသည်။ ဖက်ချီမိုး(ခေါ်)တောင်အော်ရွက် သည် ရာသီဥတုအေးသော ဒေသများဖြစ်သည့် မိုးကုတ်၊ ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်ဘက်တို့တွင် အများဆုံးစိုက်ပျိုးကြပြီး စားသုံးမှုအများဆုံးမှာလည်း ၎င်းဒေသရှိ ရှမ်း၊ တရုတ်၊ လီဆူး၊ ဂေါ်ရခါးလူမျိုးများ အများဆုံးစားသောက်ကြသည်။ ဖက်ချီမိုး(ခေါ်)တောင်အော်ရွက်သည် ဂန္ဓမာ မျိုးနွယ်ဝင်ဖြစ်ပြီး စူးရှသောအနံ့ရှိပါသည်။ အရွက်တွန့်တွန့်ကလေးများဖြင့် စားလို့ကောင်းသော အရွက်တစ်မျိုးဖြစ်ပြီး ဆလပ်ရွက်နှင့်ဆင်တူပါသည်။ ဖက်ချီမိုး(ခေါ်)တောင်အော်ရွက်ကို ဆလပ်ရွက် နည်းတူ ငါးပိချက်၊ ငါးပိရည်ချို၊ ငံပြာရည်ဖျော်တို့ဖြင့် အတို့မြှပ်လုပ်၍သော်လည်းကောင်း အသုပ်သုပ်၍သော်လည်းကောင်း စားသောက်ရပါသည်။ အောက်ပိုင်း၊ အလယ်ပိုင်းဒေသရှိ လူမျိုးများ စားသောက်မှုနည်း၍ ဈေးကွက်တွင်ကျယ်မှုမရှိပဲ အနည်းငယ်သာရောင်းချရကြောင်း သိရှိရသည်။ ဖက်ချီမိုး(ခေါ်)တောင်အော်ရွက်တစ်စည်းလျှင် ၃၀၀/၅၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျှက်ရှိကြောင်း ကုန်စိမ်းဆိုင်ထံမှ သိရှိရသည်။
DOCA(မန္တလေး)