
ဆောင်းအကုန်နွေအကူး နွေဦးပေါက်ရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသည်။ နွေရာသီရောက် လျှင် နွေရာသီအစားအစာများဖြစ်ကြသော ကြံရည်၊ ရွှေယဉ်အေး၊ မုန့်လက်ဆောင်၊ သစ်သီး ဖျော်ရည်၊ မန်ကျည်းဖျော်ရည်၊ သစ်သီးမျိုးစုံဖျော်ရည်နှင့် အုန်းစိမ်းရည်ရောင်းချသူများ မန္တလေး လမ်းဘေးဝဲယာတစ်လျောက် ရောင်းချနေပြီဖြစ်ပါသည်။ သစ်ပင်ကြီးများအောက် အရိပ်အာဝါသ ကောင်းသောနေရာများ၌ ခုံတန်းလေးများခင်းကာ ကြံကျိတ်စက်များချ၍ ကြံပင်များထောင်ထားပြီး ကြံရည်ရောင်းချသည့်ဆိုင်များ များစွာတွေ့မြင်နေပြီ ဖြစ်ပါသည်။ ယခင်က ကြံကို လက်လှည့် ကြိတ်စက်ဖြင့် ကြိတ်ရောင်းရာမှ ယခုအခါ စက်နှင့်ကြိတ်ရောင်းသည့် အဆင့်ဖြစ်ပါသည်။ ကြံကို အပေါ်ယံအခွံများခြစ်၍ ကြံကြိတ်စက်ဖြင့်ကြိတ်ကာ ရေခဲအနည်းငယ်ထည့်၍ သံပုရာသီးတစ်စိတ် ဖြင့် ဖန်ခွက်နှင့်ထည့်၍ ရောင်းချကြပါသည်။ ကြံများကို ယခင်က တံတားဦးနယ်မှ ဝယ်ယူရ သော်လည်း ယခုနှစ်တွင် ရေဝင်ရောက်မှုရှိ၍ ကြံများဝယ်ယူမရဘဲ မြင်းခြံနယ်မှလာသော ကြံများကို ဝယ်ယူရောင်းချရကြောင်း သိရှိရသည်။ ကြံပင်(၁၀)ပင်စည်း တစ်စည်းလျှင် (၁၅၀၀၀)ကျပ် ဈေးပေး ဝယ်ရကြောင်းသိရှိရသည်။ ကြံရည်တစ်ခွက်လျှင် (၁၀၀၀)ကျပ်ဖြင့် စတင်ရောင်းချနေပြီဖြစ်ကြောင်း ကြံရည်ရောင်းချသူတစ်ဦးထံမှ သိရှိရသည်။
DOCA(မန္တလေး)