
အုန်းပင်ကို မြန်မာနိုင်ငံအနှံ့အပြားနှင့် ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာ အများအပြား ပေါက်လေ့ရှိပါသည်။ မန္တလေးမြို့အတွင်းသို့ ဧရာဝတီတိုင်းမှ အုန်းသီးများဝင်ရောက်လျှက်ရှိပြီး လမ်းဘေး ဈေးသည်များမှ ရောင်းချလျှက်ရှိကြောင်းသိရသည်။ အုန်းသီးကို စားသုံးခြင်းအားဖြင့် သွေးဖောက်ပြန်ခြင်း၊ ဖောရောင်ခြင်းတို့ကို သက်သာစေပြီး အမောခံနိုင်ခြင်း၊ အသားအရေလှပခြင်း စသည့် အကျိုးကျေးဇူး များကိုလည်း ရရှိနိုင်ကြောင်း သိရှိရသည်။ အုန်းရည်မှာ ကျန်းမာရေးအတွက်လည်း အထူးသင့်လျော်ပြီး သဘာဝအသီးဖျော်ရည် တစ်မျိုးလည်းဖြစ်သည်။ အုန်းစိမ်းရည်တွင် ပိုတက်စီယမ်ကြွယ်ဝစွာပါဝင် သောကြောင့် အားအင်များကို ပြန်လည်ဖြည့်တင်းပေးခြင်း၊ သွေးအားကောင်းစေခြင်းနှင့် ခန္ဓာကိုယ်ပင်ပန်း နွမ်းနယ်မှုများကိုလည်း သက်သာစေပါသည်။ ယခုအခါ မန္တလေးလမ်းဘေးဝဲယာလမ်းတစ်လျောက်၌ အုန်းသီးများကို ကားနှင့်တင်ပြီး အုန်စိမ်းရည်ရောင်းချသူများ များပြားလျက်ရှိပါသည်။ အုန်းစိမ်းရည် ရောင်းချရန်အတွက် အုန်းသီးများမှာ ဒေသထွက်အုန်းသီးများမဟုတ်ဘဲ ဧရာဝတီတိုင်း၊ ဖျာပုံ၊ ဘိုကလေး၊ ပန်းတနော်ဘက်မှလာသော အုန်းချိုမွှေးများကို ဝယ်ယူရောင်းချကြကြောင်း သိရသည်။ ဒေသထွက် အုန်းသီးများမှာ ဒေသတွင်းစားသုံးမှုများသောကြောင့် ဈေးနှုန်းကြီးမြင့်နေ၍ ဝယ်ယူရောင်းချခြင်းမရှိကြောင်း သိရသည်။ ကျန်းမာရေးအတွက် ဖျာပုံအုန်းစိမ်းရည်-ဧရာဝတီအုန်းစိမ်းရည် စသည့် ဆိုင်းဘုတ်များတပ်၍ အုန်းစိမ်းရည်ရောင်းချနေကြောင်း သိရှိရသည်။ အုန်းစိမ်းရည်တစ်လုံးလျှင် ၂၈၀၀/၃၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း အုန်းစိမ်းရည်ရောင်းချသူတစ်ဦးထံမှ သိရှိရသည်။
DOCA(မန္တလေး)