မိသားစုဝင်ငွေ အထောက်အကူပြုဖို့ မှိုစိုက်ပျိုးကြစို့

Powered by Drupal

မြန်မာနိုင်ငံတွင် မှိုကို သဘာဝမှရရှိသလို စိုက်ပျိုးထုတ်လုပ်မှုများလည်း ရှိလာသည်။ မြန်မာနိုင်ငံ၌ စိုက်ပျိုးထုတ်လုပ်သော မှိုများတွင် ကောက်ရိုးမှိုနှင့် ငွေနှင်းမှိုများမှာ အများစု စိုက်ပျိုးထုတ်လုပ်သော မှိုများဖြစ်သည်။ ကောက်ရိုးမှိုကို စားသုံးသူများ ပိုမိုကြိုက်နှစ်သက်ကြပြီး နေရာအနည်းငယ်နှင့် ကောက်ရိုးရရှိလျှင် စိုက်ပျိုးနိုင်ခြင်းများကြောင့် စိုက်ပျိုးသူများက နှစ်သက်ကြသည်။

ငွေနှင်းမှိုမှာ နေရာကျယ်ကျယ်ဝန်းဝန်း မလိုအပ်သဖြင့် မိသားစုတစ်နိုင် တစ်ပိုင်စိုက်ပျိုး ထုတ်လုပ်နိုင်ခြင်းနှင့် အိမ်တွင် အခန်းတစ်ခန်းကို မှိုစိုက်ပျိုးရန် သုံးနိုင်ခြင်းတို့ကြောင့် လည်းကောင်း၊ အရင်းအနှီးအားဖြင့် အလွန်အကျွံ မများသဖြင့်လည်းကောင်း၊ နေ့စဉ်ပုံမှန်ဝင်ငွေ ဖြစ်စေရန် စိုက်ပျိုးထုတ်လုပ် နိုင်ခြင်းကြောင့်လည်းကောင်း မှိုကိုစိုက်ပျိုး ထုတ်လုပ်သင့်သော အလားအလာကောင်းသည့် သီးနှံတစ်ခုအဖြစ် သတ်မှတ်လာကြသည်။

မှိုစိုက်ပျိုးထုတ်လုပ်ခြင်းသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်လည်း ဆက်စပ် လျက်ရှိသည်။ လယ်ယာကိုင်းကျွန်းနှင့် ဥယျာဉ်ခြံ ဘေးထွက်ပစ္စည်းများ၊ စက်မှုစွန့်ပစ် ပစ္စည်းများကို ယခင်က ထယ်ထိုး ထွန်မွှေခြင်း၊ မီးရှို့ပစ်ခြင်းများကိုသာ ပြုလုပ်ခဲ့သော်လည်း ယခုအခါ အဆိုပါ အမှိုက်များကို မှိုမွေးမြူစိုက်ပျိုးရာတွင် ပြန်လည်အသုံးပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ခြင်း၊ တောင်သူများအတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းမှ မိသားစု အပိုဝင်ငွေရရှိနိုင်စေခြင်း၊ ထိုမှတစ်ဆင့် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်မှုအဖြစ် မိမိတွင် ရှိသော မြေနေရာကျဉ်းကျဉ်းတွင် မှိုအမြောက်အမြား စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းဖြင့် မိသားစု အတွက် တစ်ပိုင်တစ်နိုင်ဝင်ငွေမှသည် စီးပွားဖြစ်လုပ်ငန်းကြီးတစ်ရပ်အဖြစ် တိုးတက်ဆောင်ရွက် နိုင်မည်ဖြစ်ပါသည်။

ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်ရာတွင် မှိုထုပ်များကို လေဝင်လေထွက်ရရှိ၍ တိုက်ရိုက် နေမပူသောနေရာတွင် ထားရပါသည်။ မှိုထုပ်များ ထားရှိသော နေရာသည် အပူချိန် (၂၅ -၂၈ ) ဒီဂရီစင်တီဂရိတ်ရရှိ၍ စိုထိုင်းဆ (၈၀)%ရှိရမည်။ မှိုထုပ်၏ ထိပ်ဝမျက်နှာပြင်ပေါ်ရှိ ပလတ်စတစ် အနာများကို ဓားသန့်သန့်ဖြင့် လှီးဖြတ်ပြီးလျှင် တစ်ဆင့်နှင့်တစ်ဆင့် (၁ပေခွဲ) အကွာအဝေး ရှိသော ဝါးစင်၊ သစ်သားစင်များ အပေါ်တွင် အထုတ်များကို ထောင်၍သော်လည်းကောင်း၊ လှဲ၍သော်လည်းကောင်း ထားရပါသည်။ လှဲ၍ထားလျှင် နှစ်ဆင့်ထပ်နိုင်ပါသည်။ နေ့စဉ် ရေပန်းခရားငယ်ဖြင့် မှိုထုပ်များကို ညင်သာစွာ ရေလောင်းပေးရပါမည်။ ရေလောင်းလျှင် အထုပ်အတွင်း ရေမဝပ်ရန် ဂရုပြုရမည်။ ရေဝပ်ပါက မှိုထုပ်များ ပုပ်ရိသွားနိုင်သည်။

မှိုထုပ်များ စဖွင့်ပြီး (၃-၇) ရက်တွင် မှိုပွင့်ငယ်ကလေးများ ထွက်ပေါ်လာသည်။ (၃-၄) ရက်တွင် ဆွတ်ခူးရန် အသင့်ဖြစ်ပါသည်။ ဆွတ်ခူးရန် သင့်တော်သောမှိုပွင့်၏ အနေအထားမှာ ဘေးအနားသားများ မကွဲမီ (သို့) မှိုပွင့်များ မရော်မီတွင် ဆွတ်ခူးရပါသည်။ မှိုပွင့်များ အောက်ခြေမှ လက်ဖြင့် ညင်သာစွာ နှုတ်ယူရပါမည်။ ချိုးဖဲ့ ဖြတ်တောက်၍ မယူရပါ။ မှိုပွင့်များ ခူးယူပြီးသောအခါ မှိုထုပ်၏ အပေါ်ယံမျက်နှာပြင်ကို လက်မဝက်ခန့် သန့်စင်သော ဓားဖြင့် လှီးပစ်ရပါမည်။ လှီးဖြတ်ပြီးသော မှိုထုပ်ကို (၄-၅) ရက်ခန့် ရေမလောင်းပဲ ထားရမည်။ ထိုရက်အတွင်း အထုပ်မျက်နှာပြင်တွင် မှိုမျှင်များ ပြန်လည်ဖြူဖွေးလာပါမည်။ ၎င်းအချိန်တွင် ရေဖျန်းပေးပါက ဒုတိယအကြိမ် မှိုပြန်ထွက်လာပါသည်။ ထိုနည်းအတိုင်း မှိုထုပ်၏ အောက်ခြေ ရောက်သည်အထိ (၃-၅) ကြိမ် စိုက်ပျိုးဆွတ်ခူး ရယူနိုင်သည်။ မှိုထွက်အား ပိုမိုကောင်းစေရန် ပုလဲဓာတ်မြေသြဇာ(၆)ကျပ်သားနှင့် တီစူပါဓာတ်မြေသြဇာ (၃)ကျပ်သား ကို ရေနှစ်ဂါလံခွဲတွင် ဖျော်စပ်၍ (၂) ရက်ခြားတစ်ကြိမ် ပတ်ဖျန်းပေးရပါမည်။ (၆၀) ကျပ်သားရှိသော မှိုစိုက်ထုပ် တစ်ထုပ်မှ မှိုပွင့်အလေးချိန် (၂၀) ကျပ်သား ရရှိနိုင်ပြီး (၁)ပိဿာလျှင် (၄၅၀၀/၅၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ငွေနှင်းမှို စိုက်ပျိုးသူတစ်ဦးထံမှ သိရှိရပါသည်။

 မန္တလေးမြို့၊ ၄၁ လမ်း ကုန်စိမ်းဈေးတွင် ငွေနှင်းမှို ဈေးနှုန်း (၁)ပိဿာ (၅၀၀၀/၅၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး မန္တလေးမြို့တွင်း ဈေးများတွင် ဈေးနှုန်း ၁၀ ကျပ်သား (၁၀၀၀) ကျပ်၊ ၂၅ ကျပ်သား (၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)