ငရုပ်သီး အကြောင်းသိကောင်းစရာ

Powered by Drupal

ငရုပ်သီးကို လူမျိုးဘာသာမရွေး စားသုံးကြပြီး လူကြိုက်များသည့် ဟင်းခတ် အမွှေး အကြိုင် သီးနှံတစ်ခု ဖြစ်သည်။ ငရုပ်သီးကို ဟင်းများထဲတွင် ကြော်ချက်၍ စားသုံးကြသလို အသုပ်များထဲတွင် တွဲဖက်၍ စားသုံးကြသည်။  ငရုပ်သီးသည် ဗီတာမင် စီ၊ ဗီတာမင် B6 တို့ပါဝင် ပါသည်။  ငရုပ်သီးစိမ်းကို အလွန်အကျွံစားသုံးခြင်း မဟုတ်ဘဲ သင်တင့်မျှတစွာ စားသုံးလျှင် မျက်စိအားကောင်းစေခြင်း၊ ကင်ဆာရောဂါကာကွယ်ပေးခြင်း၊ နှလုံးကိုကျန်းမာစေခြင်း၊ အစာ အိမ် အူလမ်းကြောင်းကို ကောင်းမွန်စေခြင်း၊ အသားရေလှပစေခြင်း၊ အနာနှင့် ဒဏ်ရာများကို အကျက်မြန်စေခြင်း၊ ရောင်ရမ်းမှုကို သက်သာစေခြင်း၊ အအေးမိဖျားနာခြင်းကို ကုစားပေးနိုင် ခြင်း၊ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်ခြင်း၊ အစား စားချင်စိတ်ကို နှိုးစွပေးခြင်း၊ ရောဂါ ပိုးမွှားများကို ကာကွယ်ပေးခြင်း၊ သံဓာတ်အားဖြည့်ပေးခြင်း၊ ကိုယ်အလေးချိန်ကို လျှော့ချပေး ခြင်း၊ ဆီးချိုရောဂါကို ကာကွယ်ပေးခြင်း၊ စိတ်ဖိစီးမှုကို လျှော့ချပေးခြင်း၊ ဆံပင်သန်စေခြင်းနှင့်  အရိုးပွခြင်းကို ကာကွယ်ပေးခြင်း စသည့် အကျိုးကျေးဇူးတွေ ရရှိစေပါသည်။

ငရုပ်သီးသည် စိုက်ပျိုး၍ရသော အပင်မျိုးဖြစ်ပြီး ငရုပ်မျိုးကို မူတည်ခွဲခြားလိုက်လျှင် မိုးပေါ်ထောင်မတ်သီးသော မိုးမျှော်ငရုပ် နှင့် အပင်မှ အောက်သို့ငိုက်သီးသော ငရုပ်မျိုး ဟူ၍ ရှိကြသည်။ တဖန် ငရုပ်သီး၏ ပုံသဏ္ဍန်ကို မူတည်၍ ခွဲခြားမည်ဆိုပါက ငရုပ်သီး  အရှည်၊ ငရုပ်သီး အပု၊ ငရုပ်သီးအပွ နှင့် ငရုပ်သီး လုံးဝိုင်းပုံ တို့ ရှိကြောင်း သိရှိရသည်။ ငရုပ်အား မြေအမျိုးအစား အတော်များများတွင် စိုက်ပျိုးနိုင်သော်လည်း ငရုပ်သည် ခြောက်သွေ့သော ရာသီ အပူချိန် ၂၁-၃၃ ဒီဂရီစင်တီဂရိတ်တွင် ကောင်းစွာ ဖြစ်ထွန်းသည်။ ငရုတ်စိုက်ပျိုးသည့် မြေအား ထယ်ရေး နက်နက်နှင့် ထွန်ရေးညက်ညက် ပြင်ဆင်ပါ။ အမှိုက်များကို စင်အောင် ကောက်ပါ။ ရေသွင်းရေထုတ် ကောင်းစေရန် ဘောင်စနစ်ဖြင့် စိုက်ပျိုးသင့်ပါသည်။ စိုက်ပျိုးရန် အတွက် ၂၀၀ မီတာပတ်လည်ခန့်ရှိသော ပျိုးဘောင်လိုအပ်ပါသည်။ မြေအမျိုးစားပေါ်မူတည်၍ အပင်‌ဦးရေ ၅၀၀၀-၁၀၀၀၀ ပင်ဝင်အောင် စိုက်ပျိုးပါ။ ရေစီး ရေလာကောင်းပြီး မြေဩဇာ ထက်သန် ပေါကြွယ်ဝနေသော နှုန်းမြေသည် ငရုပ်စိုက်ပျိုး ထုတ်လုပ်ရန် အကောင်းဆုံး ဖြစ်သည်။ နှစ်တစ်နှစ်၏ အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး ယခုချိန်တွင် ငရုပ်သီးများ ထွက်ရှိနေပြီ ဖြစ်ပါသည်။ ငရုပ်သီး ခူးဆွတ်ရာတွင် ၅ ရက်ခြား တစ်ကြိမ် ခူးဆွတ်နေရပြီး မြို့နယ်စည်ပင်သာယာဈေးအတွင်း ရောင်းချရာတွင် ငရုပ်သီး(၁)ပိဿာလျှင် (၆၀၀၀)ကျပ် နှုန်းဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)