နတ်တလင်းမြို့နယ်ရှိ ယောက်ျားကြီး ငါးငပိလုပ်ငန်း

Powered by Drupal

              ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၈.၅.၂၀၂၂) ရက်နေ့တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ ယောကျ်ားကြီး ငါးငပိလုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

          ယောက်ျားကြီး ငါးငပိလုပ်ငန်းသည် (၁၉၇၄) ခုနှစ် ဘိုးဘွားမိဘများ လက်ထက်ကပင် စတင်လုပ်ကိုင်ခဲ့သော လုပ်ငန်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်ပြောင်း သွားခဲ့သော်လည်း ရှေးလူကြီးများ၏ နည်းလမ်းများအတိုင်း ငါးငပိကို သိပ်ကြောင်း သိရပါသည်။ ခေတ်မှီဆေးဝါးများကြောင့် အသီးအပွင့်များ ဖွံ့ဖွံ့ထွားထွားနှင့် မြိုင်မြိုင်ဆိုင်ဆိုင် လှပနေသော်လည်း ဘေးထွက်ဆိုးကျိုးအနေဖြင့် စားသုံးမိသူများအတွက် ကျန်းမာရေးထိခိုက်စေနိုင်သောကြောင့် ယောက်ျားကြီး ငါးငပိသည် ခေတ်မီ ဆေးဝါးများ မသုံးစွဲ၊  ယင်မနား ဆေးများမသုံး ၊ လောက်သေဆေး မသုံးစွဲသည့်အတွက် “ငပိနဲ့လောက် စိန်နဲ့ ကျောက်” ဆိုသည့် ဆိုရိုးစကားရှိသည့်အတိုင်း သိပ်ထားသော ငပိဖြစ်သဖြင့် ဂရုစိုက်၍ လုပ်‌ဆောင်နေသည့်ကြား၌ပင် တစ်ခါတစ်ရံတွင် ပိုးဉလေးများ ပါသွားတတ်ပါသည်။ ယင်မနားဆေးများ မသုံးထားပဲ ငါးပိအိုး သိပ်သည့်အခါ အပေါ်ယံဂုတ်ထိုးထားသည့်အပေါ်တွင် ပိုးဉလေးများ တွေ့ရှိရပါသော်လည်း ငပိအသားထဲ ပိုးကောင်ရောက်သွားခြင်းမရှိပါ။ ဆေးဝါးမသုံးထားသည့် သဘာဝပစ္စည်းဖြစ်သည့်အတွက် ယုံကြည်စိတ်ချစွာစားသုံးနိုင်ပါကြောင်း သိရှိရပါသည်။ စားသုံးသူပြည်သူများ၏ ကျန်းမာရေးကို အထူးဂရုစိုက်ပြီး သွေးမတိုးအောင် ဆားလျော့ထည့်ပြီး ဘေးအန္တရာယ် ကင်းရှင်းစွာ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း၊ ငါးငပိပြုလုပ်ရာတွင် ငါးတစ်မျိုးတည်းကို သီးသန့်ထုတ်လုပ်ထားခြင်းမရှိ ၊ ငါးမျိုးစုံ ဆားဖြူငါး ၊ ငါးဇင်ရိုင်း၊ ငါးနှပ်၊ ငါးဖျင်းစလက်ကို ရန်ကုန်၊ မော်လမြိုင်၊ ဘိုကလေးဒေသများမှ ငါးပြား၊ ငါးဘူးအစုံငါးများ ဝယ်ယူပြီး ငါးမျိုးစပ် (၃) (၄) မျိုးရောနှောထုတ်လုပ်ရောင်းချကြောင်း၊ ငါးဇင်ရိုင်းသည် ငပိရည်လှအောင် ထည့်ရပီး ငါးနှပ်သည် ငပိရည်ကို ချိုမြိန်စေပါသည်။ ငါးဖျင်းစလက်ငါးများသည် ငပိရည်အနံကို မွှေးကြိုင်စေပါသည်။ ငါးရံ့ငပိကို သီးသန့်ထုတ်လုပ်ရောင်းချပြီး ငပိရည်အရောင်လှအောင် အငံပေါ့အောင် မွှေးနေအောင် စသည့် ငါးတစ်မျိုးခြင်းစီ၏ ဂုဏ်သတ္တိများ ပေါင်းစပ်ပြီး ထုတ်လုပ်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ငပိရည်ကျိုလျှင် ကျဲမနေအောင် ဆန်ကျိုပြီး ရောစပ်ကာ စဉ့်အိုးကြီးများထဲ (၃)လမှ (၆)လအထိ အနည်းဆုံးသိပ်ထည့်ကာ ပြုလုပ်ပြီးမှ ရောင်းချရကြောင်း သိရှိရပါသည်။ ယောက်ျားကြီးငါးငပိ ထုတ်လုပ်ရာတွင် ဈေးကွက်သို့အရောက် လုပ်သားခ တစ်ဦးလျှင် (၅၀၀၀) ကျပ်ဖြင့် လုပ်သား(၆)ဦး ငှားရမ်းသုံးစွဲရပါသည်။တစ်နေ့လျှင် ငါးငပိ ပိဿာ(၁၀၀)ကျော်ခန့် ရောင်းချရကြောင်း သိရှိရသည်။

          ယောက်ျားကြီး ငါးငပိကို(၃ပိဿာ-၂ပိဿာ-၁ပိဿာ-၈၀ကျပ်သား-၅၀ကျပ်သား-၃၀ကျပ်သား-၂၅ကျပ်သား) စသည့် ငပိဗူးပုံစံ အမျိုးမျိူးဖြင့် ထည့်သွင်းရောင်းချကြောင်း သိရှိရပြီး  ယောက်ျားကြီးငါးပိ တစ်ပိဿာ ရောင်းဈေးနှုန်းမှာ (၂၅၀၀/)ကျပ် ရောင်းချရ၍ အမြတ်အစွန်းအနေဖြင့် ၁ပိဿာလျှင် (၃၀၀/)ကျပ် ရရှိကြောင်း သိရှိရပါသည်။ ယောက်ျားးကြီး ငါးငပိကို အနယ်နယ်အရပ်ရပ်မှ ပြည်သူများစားသုံးစေချင်၍ ပြန်လည်ရောင်းချမည်ဆိုပါလျှင်လည်း ကိုယ်စားလှယ်များဖိတ်ခေါ်ပါကြောင်း၊ တစ်ဦးတည်း ကိုယ်စားလှယ် ပေးထားခြင်းမရှိဘဲ မည်သူမဆိုလက်ကားဈေးဖြင့် ဝယ်ယူရောင်းချနိုင်ကြောင်း၊ စားသုံးသူပြည်သူများကို အမြဲလေးစား စေတနာထား လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် မြန်မာ့ရိုးရာ အစားအစာ ငပိရည်ကို တန်ဖိုးထားပြီး စားသုံးစေချင်ကြောင်း ၊ယောက်ျားကြီး ငါးငပိသည် စားသုံးသူများကြိုက်နှစ်သက်ပြီး ဈေးကွက်အတွင်း နာမည်ရနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။

          ယောက်ျားကြီးငါးငပိကို မြန်မာတစ်နိုင်ငံလုံးအပြင် နိုင်ငံရပ်ခြားသို့လည်း ပို့ဆောင်ပေးပြီးနတ်တလင်း မြို့ဈေးကွက်အနေဖြင့် ရန်ကုန်-ပြည်ကားလမ်းဘေးတွင် တစ်ဆင့် ရောင်းချသည့်ဆိုင်(၂)ဆိုင်နှင့် မိမိအိမ်ဆိုင်တွင်လည်း ရောင်းချလျှက်ရှိရာ ခရီးသွားပြည်သူများ ဝယ်ယူစားသုံးနိုင်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)