စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ထုတ်လုပ်မှု အသိပညာပေး

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး ၊ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ကျေးရွာအုပ်စုများအလိုက် ကဏ္ဍအလိုက် ကွင်းဆင်းဆောင်ရွက်မှုများအား ၂၀၂၂ ခုနှစ်၊ ဧပြီလ မှစ၍ တစ်လလျှင် (၁၀) ရွာနှုန်းဖြင့် ကျေးရွာ (၃၀) အား အသိပညာပေး ဆောင်ရွက်လျက်ရှိပါသည်။

          ဇီးကုန်းမြို့နယ်အနေအထားအရ မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်ရှိပြီး ကျေးရွာအုပ်စုပေါင်း (၂၉)အုပ်စုရှိ၍ ကျေးရွာပေါင်း (၁၃၂) ရွာရှိရာ လူဦးရေမှာ (၇၀၆၂၀) ဦးခန့် နေထိုင်လျက်ရှိပါသည်။ မြို့နယ်လူဦးရေ၏ သုံးပုံ နှစ်ပုံသည် ကျေးလက်နေ လူဦးရေဖြစ်ပြီး အများအားဖြင့် စိုက်ပျိုးရေးလုပ်ငန်း များဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေထိုင်ကြသည်။ ဇီးကုန်းမြို့နယ်တွင် စပါးစိုက်ဧကမှာ (၄၈၀၇၇) ဖြစ်ပြီး မိုးစပါး၊ နွေစပါး၊ မတ်ပဲ ၊ ပဲတီစိမ်း အစရှိသော တွက်ခြေကိုက်သီးနှံများ အများဆုံး စိုက်ပျိုးကြပါသည်။ ယခုလက်ရှိ အခြေအနေတွင် ဖြစ်ပေါ်နေသော စားဆီဈေးနှုန်းမြင့်တက်နေမှု အခြေအနေများ ၊ ကမ္ဘာ့အဆင့်အထိ နိုင်ငံများစီးပွားရေး ကြပ်တည်းလာမှု အပေါ် စားသုံးဆီပြည်တွင်း ဈေးကွက်တွင်လည်း စားသုံးမှု ဖူလုံရန် လိုအပ်ချက်များရှိလာပါကြောင်း၊ ယခုကာလတွင် ဈေးကွက် အတွင်း ဖြန့်ဖြူးမည့် ထုပ်ပိုးပစ္စည်းများအပေါ် စားသုံးဆီ တင်သွင်း သိုလေှာင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီထံမှ ခွင့်ပြုချက်ရှိသည့် သက်ဆိုင်ရာ ကုမ္ပဏီ၏ Cap seal များဖြင့် ချိတ်ပိတ်၍ ကုန်အမှတ်တံဆိပ် (Logo) များ ကပ်နိုပ်ရန် နှင့် ၂၀၂၂ ခုနှစ်၊ မေလ (၁) ရက်မှ စတင်ပြီး စားအုန်းဆီ ဖြန့်ဖြူးရာတွင် Store Tank များမှ ဆီထုတ်ယူရာ၌ Food Grade Clean Drum များဖြင့် စတင် အသုံးပြုရန် အစီအမံများ ပြုလုပ်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစွာ ရွေးချယ်စားသုံးနိုင်ရန် ဌာနအနေဖြင့် ထိန်းကျောင်းဆောင်ရွက်နေပါကြောင်း ၊ မိမိဒေသနှင့် ကိုက်ညီသော ဆီထွက်သီးနှံများကို ရွေးချယ် စိုက်ပျိုးကြခြင်းဖြင့် တစ်နိုင်တစ်ပိုင်စားဆီ ဖူလုံရေးစိုက်ပျိုးသင့်ကြောင်း ၊  ပဲဆီများအား ဆီစက်များတွင် အပ်နှံကြိတ်ခွဲပါက ပဲဆီတစ်ပိဿာလျှင် (၆၈၀၀) ကျပ်ခန့်သာ ကုန်ကျသည့်အတွက် စားအုန်းဆီ ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်သာ ကွာခြားသဖြင့် စားသုံးသူကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်သုံးစွဲသင့်ကြောင်း၊ ငွေကြေးကုန်ကျမှု အနည်းငယ်များသော်လည်း ကျန်းမာရေးအတွက် ကောင်းမွန်စေနိုင်ကြောင်း ၊ ဒေသခံပြည်သူများအနေဖြင့် ဆီထွက်သီးနှံများအား ရွေးချယ် စိုက်ပျိုးရာတွင် သွင်းအားစုနည်းပြီး အခြားသီးနှံများကိုလည်း အထွက်နှုန်း မထိခိုက်နိုင်သည့် နေကြာသီးနှံအား သီးညှပ်ဖြင့် စိုက်ပျိုးခြင်းဖြင့် စားသုံးဆီဖူလုံ၍ ကျန်းမာရေးနှင့် ညီညွတ်သော အရည်အသွေးပြည့်သည့် စားသုံးဆီများကို မြေယာပိုင် ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးသင့်ကြောင်း ဆွေးနွေးဟောပြောခဲ့ပါသည်။

DOCA(ပဲခူး)