
ဆီထွက်သီးနှံဖြစ်သည့်နှမ်းသီးနှံမှာ ပြည်တွင်းစားသုံးခြင်းနှင့် ပြည်ပသို့တင်ပို့သည့်သီးနှံ တစ်မယ်ဖြစ်ပြီး၊မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှာ အဓိကစိုက်ပျိုးလျက်ရှိကြောင်းသိရပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်း အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်တို့တွင် နှမ်းသီးနှံကို နွေနှမ်း၊ မိုးနှမ်းနှင့် ဆောင်းနှမ်း (မိုးနှောင်းနှမ်း) အဖြစ် စိုက်ပျိုး လျက်ရှိကြောင်း သိရပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံစိုက်ပျိုးမှုများအနက် ၂၀၂၄-၂၀၂၅ ခုနှစ်နှမ်းသီးနှံစိုက်ပျိုးမှု ၉၆၂၃၈၃ ဧက၊ရိတ်သိမ်းမှု ၈၈၉၄၂၈ ဧက၊အထွက်နှုန်း ၄.၄၆ တင်းနှင့် အထွက်စုစုပေါင်း ၃၉၆၂၈၆၉ တင်းဖြစ်ကြောင်း သိရပါတယ်။ ပြည်တွင်း၌ နှမ်းသီးနှံအား ဆီကြိတ်ခွဲ၍ နှမ်းဆီအဖြစ်စားသုံးခြင်း၊ နှမ်းလှော်ဆီမွှေး၊နှမ်းယို၊နှမ်းဖတ်၊နှမ်းလှော်နှင့် သရေစာမုန့် အမျိုးမျိုးတို့တွင် နှမ်းအားထည့်သွင်း စားသုံးကြောင်း တွေ့ရပါတယ်။ နှမ်းသီးနှံမှာ ပရိုတင်းဓာတ် များစွာ ပါဝင်ပြီး၊ ဆေးဖက်ဝင်ကြောင်း သိရပါတယ်။ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံ များအား စားသုံးဆီကြိတ်ခွဲ၍ ပြည်တွင်း စားဆီဖူလုံမှုရှိစေရန်နှင့်စားဆီများတင်သွင်းမှု လျော့ချ နိုင်ရန်အတွက် နိုင်ငံတော်မှတွန်းအား ပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။နှမ်းသီးနှံမှာ ပြည်တွင်းစားဆီကြိတ်ခွဲသည့်အရေးကြီးကုန်စည်တစ်မျိုးဖြစ်ပြီး၊ပြည်ပသို့ တင်ပို့သည့် စျေးကွက်ဝင် သီးနှံဖြစ်ကြောင်းသိရပါတယ်။ဒေသအသီးသီးမှထွက်ရှိသည့်ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံဝင်ရောက်သည့် မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်ဖေဖော်ဝါရီလဒုတိယ ပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်နှမ်းအမျိုးအစားအလိုက် ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ(ဗမာ)၃၃၅၀၀ဝိ/- နှင့် ၃၄၅၀၀ဝိ/-၊နှမ်းဖြူ(ဂျပန်) ၄၁၀၀၀ဝိ/-၊ နှမ်းညို ၃၁၀၀၀ဝိ/-၊နှမ်းနီ ၃၁၅၀၀ဝိ/-၊ဆောင်းနှမ်း ၅၂၅၀၀ဝိ/- နှင့် ၅၃၀၀၀ဝိ/-၊ ပန်းနှမ်း ၂၃၅၀၀ဝိ/-နှင့် နှမ်းဖတ်တစ်ပိဿာလျှင် ၄၅၀ဝိ/-နှင့် ၄၆၀ဝိ/-တို့ အသီးသီးဖြစ်ပေါ်လျက်ရှိပြီး၊ စျေးနှုန်းအနေဖြင့် ရက်အလိုက်အနည်းငယ်ပြောင်းလဲမှုရှိနိုင်ကြောင်းသိရပါတယ်။ နှမ်းသီးနှံမှာ စားသုံးဆီအဖြစ်ကြိတ်ခွဲခြင်းနှင့်သရေစာအမျိုးမျိုးတွင် သုံးစွဲခြင်းတို့ကြောင့် ပြည်တွင်းစျေးကွက် လိုအပ်ချက်များပြီး၊ ပြည်ပသို့တင်ပို့သည့် စျေးကွက်ဝင်ဆီထွက်သီးနှံတစ်မယ် ဖြစ်ကြောင်း သိရပါ တယ်။
DOCA(မန္တလေး)