
ရက်စွဲ၊ ၁၄.၂.၂၀၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုးရောင်းချကြရာ တောကြက်ဟင်းခါးသီးကိုလည်း ကန့်ဘလူမြို့ပေါ်ရပ်ကွက်များ နှင့် ကန့်ဘလူမြို့နယ် အတွင်းရှိကျေးရွာများမှ တောကြက်ဟင်းခါးသီး စင်ထိုးစိုက်ပျိုးကြသလို ခြံစည်းရိုးပေါ် တင်ပြီးလည်း စိုက်ပျိုးကြပြီး ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကာ ဈေးကောင်ရရှိ၍ အရောင်း အဝယ် ဖြစ်လျက်ရှိ ကြောင်းသိရ သည်။
တောကြက်ဟင်းခါးသီးသည် လူတိုင်းကြိုက်နှစ်သက်ပြီး ထမင်းမြိန်စေသည့် အရန်ဟင်းတစ်မျိုး လည်းဖြစ်ကာ ကျန်းမာရေးအတွက်လည်း အခါးဓါတ်နေရာတွင် မဖြစ်မနေ စားသုံးသင့်သော အသီး တစ်မျိုးဖြစ်ပါသည်။ တောကြက်ဟင်းခါးသီးကို ပုဇွန်ခြောက်နှင့်ကြော်စားခြင်း၊ တောကြက်ဟင်းခါးသီး ကို မီးဖုတ်ပြီး ငရုပ်သီးဖြင့်ထောင်းစားခြင်း၊ တောကြက်ဟင်းခါးသီးကို မျှစ်သို့၊ ငါးပေါက်စတို့ဖြင့် ချက်စား ခြင်း၊ တောကြက်ဟင်းခါးသီးကို ကင်းမုံသီး၊ ခဆော့သီးတို့နှင့်ရောကြော်ခြင်း၊ တောကြက်ဟင်းခါးသီးကို ပျားသလက်ဖြင့် ကြော်စားခြင်း စသည်ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်ကြပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ တောကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ တောကြက်ဟင်းခါးသီး တစ်ပြည်လျှင်(၂၀၀၀)ကျပ်၊ တောကြက် ဟင်းခါးသီး နို့ဆီ တစ်ဘူးလျှင်(၃၀၀)ကျပ် နှင့် နို့ဆီ(၂)ဘူးလျှင်(၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦး ထံမှ သိရသည်။
DOCA(စစ်ကိုင်း)