
သင်္ဘောပင်တွင်ဗမာသင်္ဘောနှင့် ထိုင်ဝမ်သင်္ဘော ဟူ၍ ရှိသည်။ ဗမာသင်္ဘောပင်သည် အပူပိုင်းဒေသအလေ့ကျပေါက်ပင်မျိုးဖြစ်ပါသည်။ မိမိတို့အိမ်ခြံဝင်းနှင့် လယ်ကန်သင်း၊ သရက်ခြံ၊ ဇီးခြံဘေးများတွင် မိမိတို့စားသုံးရန်အတွက်နှင့် လက်ဆောင်ပေးရန်အတွက် စိုက်ပျိုးလေ့ရှိပါသည်။ နည်းပညာတိုးတက်လာသည်နှင့်အမျှ ထိုင်ဝမ်သင်္ဘောမျိုးကို စီးပွားဖြစ် စိုက်ပျိုးလာကြခြင်းဖြစ် ပါသည်။ ဗမာသင်္ဘောသီး ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ မှည့်ဆေးကင်းပြီး သဘာဝအတိုင်း ရင့်မှည့်အသီးဖြစ်ပါသည်။ အပူပိုင်းဒေသမှာပေါက်သော သင်္ဘောသီးကို လူကြိုက်များပါသည်။ သင်္ဘောပင်က အသီးရော၊ အရွက်ပါ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရှိပါသည်။ သင်္ဘောသီး အပြင် သင်္ဘောရွက်ကိုပါ အများဆုံးစားဖြစ်ကြပါသည်။ သင်္ဘောရွက်တွင်ပါဝင်သော အင်ဇိုင်းဓါတ် များက အစာခြေစနစ်အားကောင်းအောင် ထောက်ပံ့ပေးပါသည်။ သင်္ဘောရွက်ကို ဖျော်ရည်လုပ် ၍ဖြစ်စေ၊ လက်ဖက်ရည်လုပ်၍ဖြစ်စေ ဆေးအဖြစ်အသုံးပြုကြပါသည်။ သင်္ဘောဖိုပင်အရွက်က ပို၍ဆေးစွမ်းထက်သည်ဟုလည်း ဆိုကြပါသည်။ သင်္ဘောရွက်သည် သွေးဖြူဥပမာဏကိုတိုးစေပြီး သွေးအတွင်းသကြားပမာဏကို ထိန်းညှိပေးနိုင်ပါသည်။ သွေးလွန်တုတ်ကွေးလက္ခဏာများ ဖြစ်သော ဖျားနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း များအတွက် သင်္ဘောရွက်ဖျော်ရည်သောက်ခြင်းအားဖြင့် သက်သာပျောက်ကင်းနိုင်ကြောင်း လေ့လာ တွေ့ရှိရသည်။ ဆီးချိုရောဂါအတွက်လည်း သဘာဝဆေးလည်းဖြစ်သည်။ သင်္ဘောရွက်ရေနွေး ကြမ်းကိုလည်း ရင်ပူရင်ဆာဖြစ်ခြင်း၊ လေအောင့်ခြင်းအတွက် သောက်သုံးကြပါသည်။ သင်္ဘောရွက် တွင် အစာခြေထောက်ပံ့ပေးသော အမျှင်ဓါတ်များစွာပါဝင်ပါသည်။ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ် ပေးပါသည်။ ခန္ဓာကိုယ်အတွင်းအပြင် ရောင်ရမ်းနာကျင်ခြင်းကိုလည်း သက်သာ စေပါသည်။ သင်္ဘောရွက်တွင် ပါဝင်သောဓါတ်များက အညစ်အကြေးနှင့် အရေပြားဆဲလ်အသေ တို့ကို ဖယ်ရှားပေးနိုင်စွမ်းရှိသည်။ အသားအရေကို နူးညံ့စေပြီး ကျန်းမာသန်စွမ်းစေပါသည်။ သင်္ဘောရွက် ဖျော်ရည်လု်ပရန်အတွက် လက်ဆက်သည့် သင်္ဘောရွက်ကို ရေနှင့်စင်ကြယ်အောင်ဆေးပြီး နုတ်နုတ် စင်းကာ ဖျော်စက်ထဲထည့်၍ ကြိတ်ရပါသည်။ ဆား၊ သကြား အနည်းငယ်ထည့်၍ သောက်သုံး နိုင်ပါသည်။ သင်္ဘောရွက်လက်ဖက်ရည်အတွက် သင်္ဘောရွက်ကို အခြောက်ခံပြီး လက်ဖက်ခြောက် ကဲ့သို့ ခက်သောက်ရန်ဖြစ်ပါသည်။ ဆေးပညာဗဟုသုတမှ လေ့လာသိရှိရခြင်းဖြစ်၍ အစာလည်း ဆေး ဆေးလည်းအစာမို့ မိမိတို့ရောဂါအခြေအနေပေါ်မူတည်၍ ချင့်ချိန်သုံးစွဲသင့်ပါသည်။သင်္ဘော သီးအမှည့်များကိုလည်း ဈေးကွက်အတွင်း၌ သစ်သီးမျိုးစုံအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိ ပါသည်။ မန္တလေးမြို့ ထနောင်းပင်ဈေးရှိ သစ်သီးမျိုးစုံရောင်းချလျက်ရှိသောဆိုင်တွင် ပန်းသီး၊ လိမ္မော်သီး၊ ထောပတ်သီး၊ ဆီးသီး၊ စပျစ်သီး၊သခွားမွှေးသီး၊ ဖရဲသီး၊ငှက်ပျောသီးနှင့် သင်္ဘောသီး အမှည့်များရောင်းချလျက်ရှိရာ ဈေးကွက်အတွင်း၌ သင်္ဘောသီးအမှည့်တစ်လုံးလျှင် အလုံးအရွယ် အစားအလိုက် ၃၀၀၀-၄၀၀ဝိ/- ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိပြီး သင်္ဘောသီးအမှည့် အရောင်းအဝယ် ပါးကြောင်း သစ်သီးမျိုးစုံအရောင်းဆိုင်မှ သိရှိရပါသည်။
DOCA(မန္တလေး)