
မန္တလေးမြို့၊ နန်းရှေ့ဈေးရှိ သစ်သီးမျိုးစုံရောင်းချသော သစ်သီးဆိုင်များတွင် ပန်းသီး၊ လိမ္မော်သီး၊ ထောပတ်သီး၊ နဂါးမောက်သီး၊ ဖရဲသီး၊ သခွားမွှေးသီး၊ စတော်ဘယ်ရီသီး၊ ဇီးသီးများနှင့်အတူ တွဲဖက်၍ ဗောက်သီးများ ရောင်းချလျှက်ရှိပါသည်။ ဗောက်သီးများကို ဗန်း၊ စကောများနှင့်ထည့်၍ သီးသန့်ရောင်းချသူများလည်းရှိပါသည်။ ဗောက်သီးပင်သည် ယခင်က အလေ့ကျပေါက်ပင်မျိုးဖြစ်သည်။ ယခုအခါ စားသုံးသူဝယ်ယူသူများရှိလာသောကြောင့် စီးပွားဖြစ် စိုက်ပျိုးလာကြပြီဖြစ်ပါသည်။ ငယ်ငယ်က မိမိတို့တော ကြက်သွန်ခင်း၊ ဂျုံခင်းများ၌ အလေ့ကျ ပေါက်တက်ပြီး ၎င်းအသီးများကို စားရကောင်းမှန်းမသိ၍ မစားခဲ့ကြပါ။ ယခုအခါ အင်တာနက်ခေတ် ဆေးပညာဗဟုသုတများအရ ၎င်းဗောက်သီးများ စားသုံးရကြောင်း သိလာကြပါသည်။ ရှမ်းပြည် နယ်နှင့် မိုးကုတ်၊ ပြင်ဦးလွင်ဒေသများတွင် ဗောက်သီးများသည် အလုံးကြီးပြီး လှပသောကြောင့် ဈေးကွက်အရောင်းတန်းဝင် အသီးတစ်မျိုးဖြစ်သည်။ ဗောက်သီးတွင် သံပုရာသီးထက် ဗီတာမင်-C နှစ်ဆပါဝင်သောကြောင့် သွေးကြောဆိုင်ရာရောဂါများ ကာကွယ်ပေးပြီး သွေးတိုးကို ထိန်းညှိပေး နိုင်သော သတ္တုဓါတ်ကြွယ်ဝစွာပါဝင်သည်။ သတိပြုရသည်မှာ မမှည့်သေးသော ဗောက်သီးအစိမ်း တွင် ဓါတ်မတည့်မှုကို ဖြစ်တက်သောကြောင့် ရင့်မှည့်မှသာ စားသုံးသင့်ပါသည်။ ဆေးဖက်ဝင် အသီးဖြစ်ပြီး ချိုချိုချဉ်ချဉ်ဖြုံးဖြုံးအရသာနှင့် စားလို့အလွန်ကောင်းပါသည်။ ဈေးကွက်အတွင်း၌ ဗောက်သီးနို့ဆီဘူးတစ်ဘူးလျှင်(၁၅၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရသည်။ DOCA(မန္တလေး)