ပန်းမျိုးစုံဈေးနှုန်းဈေးကွက်

Powered by Drupal

မန္တလေးပန်းဈေးကွက်အတွင်းသို့ အများအားဖြင့် အမရပူရ၊ ပုသိမ်ကြီး(လက်ကောင်း၊ ကျောက်မီး၊ သုံးအိမ်၊ ထုံးဘို၊ တံတိုင်းရှည်)၊ ပြင်ဦးလွင်၊ မတ္တရာ၊ တံတားဦးဒေသတို့အပြင် ရှမ်းပြည်နယ် တောင်ကြီးဒေသမှ ထွက်ရှိသော ပန်းများဝင်ရောက်လျက်ရှိပြီး ဈေးကွက်အတွင်း  တွင်တွင်ကျယ်ကျယ်  ရောင်းချလျက်ရှိကြောင်း သိရှိရပါတယ်။ မန္တလေး-ပြင်ဦးလွင်လမ်း အနောက်ဘက် လက်ကောင်းကျေးရွာ မင်းကြီးရန်နောင်လမ်းပေါ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြို့တော်ပန်းဈေးနှင့် ၂၆လမ်းx ၂၅လမ်းကြား၊ ကမ်းနားလမ်းရှိ သီရိမာလာဈေး (ပိုက်ကျုံးဈေး)တို့တွင် ပန်းများကို လက်ကားဖြန့်ဖြူး ရောင်းချ လျက်ရှိပြီး လက်လီ အနည်းငယ်သာရောင်းချလျက်ရှိပါတယ်။  တဆင့်ပြန်လည်ရောင်းချသူများ အနေဖြင့် ထိုဈေး တို့မှ ဝယ်ယူပြီး မန္တလေးမြို့ရှိ ဈေးများသို့ ပြန်လည်ရောင်းချလျက်ရှိပါတယ်။  နွေရာသီနှင့် မိုးရာသီတို့တွင် ဒေသပန်းအထွက်နည်း၍ ပြင်ဦးလွင်နှင့်တောင်ကြီး ဒေသတို့မှထွက်ရှိသော ပန်းများကို အများဆုံးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဈေးကွက်အတွင်း အများဆုံး ရောင်းရသော ပန်းများအနက် ဂန္ဓမာပန်းမှာ အရောင်းသွက်ပြီး ပန်းအမျိုးအမည်စုံလင်စွာ ခေါ်ဝေါ်ကြကြောင်းသိရပါတယ်။ ဈေးကွက်အတွင်း တွေ့ရသည့် ဂန္ဓမာပန်းအမည်များကို ရွှေဝါဝင်း၊ ဒင်္ဂါး၊ ကြွေဖြူ၊ ကြွေဝါ၊ လပ်ကီး(ဖြူ၊ နီ၊ ဝါ၊ ခရမ်း၊ ကျောက်စိမ်း)၊ ငုရွှေဝါ၊ ခိုင်ရွှေဝါ၊ စံပယ်ဝါ၊ ရွှေစံပယ်၊ ငွေစံပယ်၊ ဒိုင်းမွန်း၊ ဒိုင်းမွန်းစတား၊ မော်ဒယ်၊ ဟင်္သာမျက်လုံး၊ လူးဗစ်၊ ပိတောက်နီ၊ သဲနီ၊ နှင်းကမ္ဘာ၊ Summer ဟု အသီးသီးခေါ်ဝေါ်ကြကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ တတိယပတ်တွင် မန္တလေး ပန်းဈေးကွက်အတွင်း ဖြစ်ပေါ်သည့်ပေါက်ဈေးများမှာ ဂန္ဓမာပန်း Summer အစည်းသေး လက်ကား (၂၀၀ဝိ/-)မှ (၂၃၀ဝိ/-)ထိ  လက်လီ(၂၃၀ဝိ/-)မှ(၃၀၀ဝိ/-)အထိ နှင်းကမ္ဘာ အစည်းသေး လက်ကား (၂၅၀ဝိ/-)မှ (၂၈၀ဝိ/-)ထိ  လက်လီ(၃၀၀ဝိ/-)မှ(၃၅၀ဝိ/-)အထိ ဈေးနှုန်း အသီးသီး ရောင်းချလျက်ရှိပါတယ်။ ကာလာစို အရိုး အရွက်လုံ လတ်ဆတ်မှု ပန်းအလှပေါ်မူတည်ပြီး  ဈေးကွာခြားမှုရှိကြောင်း သိရှိရပါတယ်။ တောင်ကြီး ဒေသမှထွက်ရှိသော ဂန္ဓမာ တစ်ရိုး တစ်ပွင့် ပန်းသည်ဈေးမြင့်ပြီး (၁၀)ပွင့် တစ်စည်းလျင် (၈၀၀ဝိ/-)၊ နှင်းဆီပန်း (၁၀)ပွင့် (၁)စီးလျင်(၃၅၀ဝိ/-)မှ (၄၀၀ဝိ/-)အထိ ဈေးနှုန်း အသီးသီးတို့ဖြင့် ရောင်းချလျက်ရှိပြီး၊ မေမြို့ပန်းအရောင်စုံ လက်ဆုပ်စီး (၁)စည်းလျှင် (၂၅၀ဝိ/-)မှ(၃၅၀ဝိ/-)ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပါတယ်။ အရွက်ပန်းများဖြစ်သော သပြေပန်း၊ ဂန့်ဂေါ်ပန်း၊ ရွက်လှပန်း၊ ကျောက်စိမ်းပန်းတို့မှာ ပန်းစည်း အရွယ်အစားပေါ် မူတည်ပြီး  အရောင်းအဝယ်ဖြစ်ပြီး အာဆီယံသပြေပန်း (၁)စီးလျင် (၁၅၀ဝိ/-)၊ အောင်သပြေ (၁)စီးလျင် (၁၀၀ဝိ/-)၊  ရွက်လှ(၁)စီးလျင် (၁၀၀ဝိ/-)၊  ဈေးနှုန်းဖြင့် လက်လီရောင်း ချကြောင်း သိရှိရပါတယ်။ ယခုရက်ပိုင်းတွင် ရာသီဥတုပူလာ၍ ပန်းအထွက်နည်းလာပြီး ယခင်လထက် ဈေးကောင်းရရှိကြောင်း ပန်းရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။        

DOCA(မန္တလေး)