
မန္တလေးမြို့အတွင်းရှိ သစ်သီးပွဲရုံများသို့ ကျွဲကောသီးထွက်ရှိရာ ဒေသများဖြစ်ကြသည့် ရန်ကုန်၊ ပဲခူး၊ မွန်ပြည်နယ်တို့မှ ကျွဲကောသီးများ ဝင်ရောက်လာကြသည်။ ကျွဲကောသီးများကို သဲမြေ၊ နှုန်းမြေ များတွင် စိုက်ပျိုးလာကြပြီး ဒီဇင်ဘာ၊ဇန်နဝါရီ၊ဖေဖော်ဝါရီလတို့တွင် ထွက်ရှိလေ့ရှိသည်။ မွန်ပြည်နယ်မှ အများဆုံးစိုက်ပျိုး ထွက်ရှိပြီး ဒေသထွက်ကျွဲကောသီးအရောင် မှာ နှစ်မျိုးရှိပြီး အတွင်းသားအဖြူရောင်နှင့် ပန်းရောင်မျိုးများ ဖြစ်ကြသည်။ အဖြူရောင်မှာ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ထွက်ရှိသည်။ မန္တလေးမြို့တွင်းသာမက နယ်မြို့အသီးသီးကိုလည်း တင်ပို့ရောင်းချကြသည်။ ကျွဲကောသီးမှာ ဇန်နဝါရီလတွင် စတင်ထွက်ရှိပြီး ရှောက်ပန်းသီးမျိုးမှာ ဩဂုတ်လမှထွက်ရှိပြီး ဈေးကွက်သို့ ဝင်ရောက်လေ့ရှိသည်။ ကျွဲကောသီးနှင့် ရှောက်ပန်းသီးမှာ ဆင်တူယိုးမှားကြသည်။ ကျွဲကောသီးကို ယခင်နှစ်က အလုံးအရွယ်အစားလိုက်၍ တစ်လုံးလျှင် ၂၅၀၀၊ ၃၀၀၀၊ ၃၅၀၀ ကျပ် အထိဈေးရှိပြီး ယခုနှစ်တွင် တစ်လုံးလျှင်အရွယ်အစားအလိုက် ၃၀၀၀၊ ၃၅၀၀၊ ၄၀၀၀ကျပ် အထိ အသီးသီး ရောင်းချကြကြောင်း သစ်သီးပွဲရုံများမှ သိရှိရပါသည်။ ယခုနှစ်တွင် သယ်ယူစရိတ်ကြီးမားခြင်းကြောင့်လည်း ဈေးနှုန်းအနည်းငယ်ကြီးမြင့်ကြောင်း သိရှိရသည်။ ကျွဲကောသီးတွင် ဗီတာမင်စီ အများဆုံးပါဝင်ယုံသာမက ကျွဲကောသီးစားသုံးခြင်း၏ အကျိုးကျေးဇူးများမှာ ဆီးလမ်းကြောင်း ပိုးဝင်မှုသက်သာစေခြင်း၊ အနာအမြန်ကျက်စေခြင်း၊ သွားနှင့်ခံတွင်းကျန်းမာစေခြင်း၊ သွေးအားနည်း ရောဂါ၊ အရိုးပါးရောဂါ၊ ခြေထောက်ကြွက်တက်မှု တို့ကိုပါ ကာကွယ်ပေးသည့်အပြင် ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ခြင်းစသည့် ကျန်းမာရေး အကျိုးကျေးဇူးများရရှိနိုင်ကြောင်း လေ့လာသိရှိရပါသည်။
DOCA(မန္တလေး)