ဟုမ္မလင်းဒေသထွက်လ္ဘက်စိုက်ပျိုးမှုနှင့် ဈေးကွက်အခြေအနေ

Powered by Drupal

ရက်စွဲ ၊ ၁၈.၂.၂၀၂၅

          ရှေးယခင်ကာလများကပင် လ္ဘက်ဆိုရှမ်းပြည်နယ်တွင်ရှိပြီး နောက်ပိုင်းတွင်ချင်းပြည်နယ် တောင်ပေါ် ဒေသတို့မှ ထွက်ရှိသည်ဟု လူအများသိရှိလာပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်း မြို့နယ်တွင် လ္ဘက်စိုက်ဧကစုစုပေါင်း ( ၉၄၁၃ ) ဧကစိုက်ပျိုးထားလျှက်ရှိကြောင်း၊ သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ လေ့လာသိရှိရပါသည်။ မူလပထမလ္ဘက်မျိုးရင်းမှာ ရှမ်းပြည် နယ်မှရရှိသည့် လ္ဘက်မျိုးများကို မဏိစည်သူမင်း လက်ထက်မှ စတင်၍စိုက်ပျိုးခဲ့ကြောင်း၊ စတင်စိုက်ပျိုးချိန်မှ( ၇ ) နှစ်ခန့်အချိန်ကာလတွင် လ္ဘက်ရွက်နုများ စတင်စွက်ခူးရပါကြောင်း၊ ဟုမ္မလင်းမြို့နယ် လ္ဘက်စိုက်ပျိုးသူ ဒေါ်မာဝင်းထံမှ လေ့လာသိရှိရပါသည်။

          ဟုမ္မလင်းမြို့နယ်မှထွက်ရှိသည့် လ္ဘက်များသည် ရှမ်းပြည်နယ်ဒေသထွက် လ္ဘက်များကဲ့သို့ နုညံ့မှုမရှိဘဲ လ္ဘက်သားအနည်းငယ်ကြမ်းတမ်းကြောင်း၊ လ္ဘက်အရည်အသွေးနိမ့်ကျရခြင်းမှာ ဒေသ ရာသီဥတုကွဲပြားခြားနားမှုများနှင့် နည်းပညာများလိုအပ်ခြင်းကြောင့်ဟု ဒေသခံလ္ဘက်လုပ်ငန်း ဆောင်ရွက်သူ ဒေါ်မာဝင်းက ပြောကြားပါသည်။ ဟုမ္မလင်းဒေသတွင် လ္ဘက်စိမ်းခူးယူပြီး ပထမ အဆင့်ပေါင်းခံ၍ ( ၈ )လခန့်ကြာနှပ်ထားရပြီး အသင့်စားသုံးရန် လ္ဘက်စိမ်းများရရှိပါကြောင်း၊ ဟုမ္မလင်းဒေသထွက်လ္ဘက်အစို၊ လ္ဘက်အခြောက်များကို သဘာဝအရောင်ဖြင့်သာ ရောင်းချကြပြီး အခြားဓာတုဗေဒ ဆိုးဆေးများလုံးဝ သုံးစွဲခြင်းမပြုကြောင်း ယခုကဲ့သို့ ပွင်းလင်းရာသီတွင် ရောင်းအားကောင်းလာကြောင်း သိရှိရပါသည်။

          စျေးနှုန်းအနေဖြင့် လ္ဘက်အစိမ့် ( ၁ ) ပိဿာ( ၁၀၀၀၀ ) ကျပ်၊ လ္ဘက်ခါး( ၁ ) ပိဿာ( ၅၀၀၀ ) ကျပ်၊ လ္ဘက်ခြောက်( ၁ ) ပိဿာ ( ၈၀၀၀ကျပ် မှ ၁၀၀၀၀ကျပ် )အထိ ပေါက်စျေးရှိပြီး ဈေးကွက် အနေဖြင့်  မြို့နယ်တွင်း၊ မြို့မစေျးနှင့် ဟုမ္မလင်းနယ်တစ်ဝိုက်ရောင်းချလျှက်ရှိပြီး ကုန်လမ်းရေ လမ်း ခရီးများကောင်းမွန်သည့်အခါတွင် ရန်ဖန်ရံခါ မုံရွာမြို့သို့လည်းတင်ပို့လျက်ရှိပါကြောင်း စုံစမ်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)