ပြည်ခရိုင်ရှိ လျှော်ဖြူလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေး

Powered by Drupal

               စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူး ဦးမင်းဆွေနှင့် ဒု-ခရိုင်ဦးစီးမှူး ဒေါ်အေးမျိုးရွှေနှင့်အဖွဲ့သည် (၃၀.၅.၂၀၂၂) ရက်နေ့နံနက် (၁၀:၃၀) အချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်း/မြို့နယ် လျှော်ဖြူစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူများနှင့် ကွင်းဆင်း၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ပြည်ခရိုင်အနေဖြင့် လျှော်ဖြူပင်စိုက်ဧကပေါင်း (၉၉၄) ဧကစိုက်ပျိုးထားရှိပြီး ရွှေတောင်မြို့နယ်နှင့် ပြည်မြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးထားရှိပါသည်။ လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် တွေ့ဆုံဆွေးနွေးပွဲကို ပြည်မြို့ အောင်မြင်ဗာဟုနယ်မြေရှိ ဦးကျော်ကျော်လွင်၏ လျှော်ဖြူစိုက်ခင်း၌ ပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဌ ဦးမောင်နိုင်၊ ပြည်မြို့နယ် လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဌ ဦးကျော်ကျော်လွင် ၊ ရွှေတောင်မြို့နယ် လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဌ ဦးသိန်းစိုး၊ ပဲခူးတိုင်းဒေသကြီး၊ လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဦးဇော်လင်းအောင်တို့ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာကြသော တိုင်း/မြို့နယ် လျှော်ဖြူအသင်း တာဝန်ရှိသူများမှ ဆွေးနွေးရာတွင် လျှော်ဖြူ(ခေါ်)ဆေးကုလားမသည် ယခင် ကိုဗစ်(၁၉)ရောဂါ မတိုင်ခင်အချိန်တွင် ဈေးကွက်လည်းရှိပြီး ဈေးအလွန်ကောင်းခဲ့ပါသည်။ ဈေးနှုန်းမှာ ကြာဇံမျှင် တစ်ပိဿာ လျှင် ၁၂၀၀၀၀ ကျပ်၊ ရေခဲသားတစ်ပိဿာလျှင် ၈၅၀၀၀ကျပ်နှင့် ပုံမှန်တစ်ပိဿာလျှင် ၆၅၀၀၀ကျပ် ဈေးထိရှိခဲ့သဖြင့် လျှော်ဖြူစိုက်ပျိုးသူများရှိလာပြီး ပြည်ခရိုင်အနေဖြင့် ဧက (၁၀၀၀)ခန့် အထိရှိလာပါသည်။ ကိုဗစ်(၁၉)ရောဂါဖြစ်ပွားပြီးနောက်ပိုင်းမှစ၍ ယခုအချိန်ထိ ပြည်ပ ဝယ်လက်များမရှိ သလောက်နည်းပါးလာပြီး ဈေးနှုန်းမှာလည်းကျဆင်းလာခဲ့ပြီး တစ်ပိဿာလျှင် ၇၀၀၀-၈၀၀၀ကျပ် ခန့်အထိရှိကျဆင်း၍ ဝယ်လက်မရှိဘဲဖြစ်နေပါသည်။ လျှော်ဖြူစိုက်ပျိုးသူ တောင်သူများအနေဖြင့် လွန်ခဲ့သော (၅)နှစ်က စိုက်ပျိုးခဲ့သည့် လျှော်ဖြူပင်များမှာ ယခုအခါအစေးခံရပြီဖြစ်သော်လည်း အလုပ်သမားခအပါအဝင် ကုန်ကျစရိတ်မှာ တစ်ပိဿာလျှင် ၉၀၀၀ကျပ်ခန့်ရှိ၍ ထုတ်လုပ်မှု ကုန်ကျစရိတ်မရရှိသည့်အတွက် အစေးထုတ်လုပ်နိုင်ခြင်း မရှိသေးပါ။

          ပြည်ခရိုင်အနေဖြင့် လျှော်ဖြူဈေးနှုန်းများကောင်းမွန်ပါက နေ့စဉ်လျှော်ဖြူ ပိဿာချိန် (၂၀၀၀) ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့်လည်း တစ်ပိဿာလျှင် ၂၀၀၀ကျပ် ကျော်ရရှိမှသာ အစေးထုတ်လုပ်နိုင်မည်ဖြစ်၍ လျှော်ဖြူထုတ်လုပ်သူများအနေဖြင့် တရုတ်ဝယ်လက် တစ်ခုတည်းကိုသာ အားကိုးနေရပြီး၊ တရုတ်ဝယ်လက်မရှိသည့်အချိန်တွင် အခက်အခဲများ ကြုံတွေ့ ရသည့်အတွက် အခြားပြည်ပနိုင်ငံဈေးကွက်များရရှိပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း၊ ဈေးကွက်မရှိ ဈေးနှုန်းများကျဆင်းနေသောကြောင့်  လျှော်ဖြူစေးထုတ်လုပ်သူ အလုပ်သမားများမှာ အလုပ်အကိုင် အခွင့်အလမ်းများလည်း ဆုံးရှုံးနေခြင်းနှင့် လုပ်ငန်းရှင်များ၏ ရင်းနှီး မြုပ်နှံမှုအပေါ် ဝင်ငွေပြန်လည်ရရှိမှု့ မရှိသည့် အခြေအနေများအားတွေ့ဆုံဆွေးနွေးခဲ့ကြပြီး လျှော်ဖြူ ဈေးကွက်ရရှိရေး မျှော်လင့်လျှက်ရှိပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(ပဲခူး)