
ဆားသည် လူသားတို့နေ့စဉ်ဘဝတွင် အရေးပါသောဓါတ်ပစ္စည်းတစ်ခုဖြစ်သည်။ ဆားသည် ဟင်းလျာမျိုးစုံတွင်မပါမဖြစ်အရေးပါသော ဟင်းခတ်တစ်မျိုးလည်းဖြစ်ကြောင်း ၊ ဆားသည် လူတို့စားသုံးရန်အတွက်သာမက တိရိစ္ဆာန်များအတွက်ပါ ဆားသည်အကျိုးကျေးဇူးများသည့်မရှိမဖြစ် ကုန်စည် တစ်မျိုးဖြစ်ကြောင်းသိရပါသည်။ ဖေဖော်ဝါရီလမှ စ၍ဧပြီလအတွင်း နွားစာစုဆောင်သူများက နွားစာပြောင်းရိုးများကိုစင်းပြီး မှိုမတက်စေရန် ဆားပတ်၍သိုလှောင်ကြခြင်း၊ သရက်ချဉ်သိပ်ရန် ကြိုတင် ဝယ်ယူခြင်း ၊ နွားများကို ဝမ်းမချုပ် စေရန်အတွက်ပါဆားကျွေးကြသဖြင့် ယခုရာသီတွင်အရောင်း အ ဝယ် မှာပုံမှန်ထက် နှစ်ဆပိုမို ရောင်းချရကြောင်း ဈေးကွက်မှသိရပါသည်။
မိတ္ထီလာမြို့ ဆားဈေးကွက်အနေဖြင့် ရိုးရိုးဆားကိုမြန်မာနိုင်ငံအောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသ ပုသိမ် ၊ ပင ၊ မော်လမြိုင်မြို့ များမှမှာယူရောင်းချကြပါသည်။ မိတ္ထီလာမြို့တွင်ဆားလက်ကား ဖြန့်ဖြူး ရောင်းချသူအနည်းငယ်သာရှိပြီး တစ်လလျှင် အရောင်းအဝယ်ဖြစ်ချိန်တွင် ၁လ (၂၅ ပိဿာ) ဝင်အိတ် ၁၀၀၀ အိတ် နှင့် ပုံမှန်ချိန်တွင်(၂၅ ပိဿာ) ဝင်အိတ် ၅၀၀ အိတ် အဝင်ရှိကြောင်း ၊ အိုင်အိုဒင်းဆားကို ရန်ကုန်မှ (50kg) (၃၀ ပိဿာ)ဝင်အိတ် ၅၀ ခန့်ဝယ်ယူရောင်းချကြပြီး ရိုးရိုးဆား နှင့် အိုင်အိုဒင်းဆား များကို(၁ပိဿာ) ၊ (၅၀ကျပ်သား) ၊ (၂၅ကျပ်သား)ပြန်လည်းပြုပြင်ထုတ်ပိုး၍ မိတ္ထီလာခရိုင် အတွင်း မြို့နယ်များသို့ ဖြန့်ဖြူးရောင်းချကြပါသည်။
ဈေးကွက်အတွင်းဆားဈေးနှုန်းအနေဖြင့် ရိုးရိုးဆားတစ်ပိဿာလက်ကားဈေး ၆၅၀/ကျပ် ၊ လက်လီ ၇၀၀/ကျပ် ၊ အိုင်အိုဒင်းဆား (၃၀ ကျပ်သား) တစ်ထုတ်လျှင်လက်ကား ၆၅၀/ကျပ် ၊ လက်လီ ၇၀၀/ကျပ် ဈေးရှိကြောင်း ဈေးကွက်မှစုံစမ်း သိရှိရပါသည်။
DOCA(မန္တလေး)