ကသာမြို့တွင်း ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်း မြင့်တက်လာ

Powered by Drupal

            ကသာမြို့၊ ဒေသတွင်းခရမ်းချဉ်သီး သီးနှံစိုက်ပျိုးသူများအနေဖြင့် ဧရာဝတီမြစ်ရေကျချိန် မြေနုကျွန်းပေါ်သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလတွင် အသီးများ စတင်ခူးဆွတ်ကြကြောင်း သိရှိရသည်။ ဈေးနှုန်းအနေဖြင့် ခရမ်းချဉ်းသီးစတင် ထွက်ရှိချိန်တွင် တစ်ပိဿာလျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်ထိ ဈေးကောင်းရရှိပြီး ဖေဖော်ဝါရီလနှင့် မတ်လ ခရမ်းချဉ်သီး လှိုင်လှိုင်ပေါ်ပေါက်ချိန်တွင် တစ်ပိဿာလျှင် ၃၀၀ ကျပ်မှ ၂၅၀ကျပ်ထိသာ ရရှိကြောင်း ကသာမြို့ ဒေသတွင်း ခရမ်းချဉ်းသီးစိုက်ပျိုးသူထံမှ သိရသည်။

          ဧပြီလနှင့် မေလမှစ၍ ဈေးကွက်အတွင်းတွင် ဒေသတွင်းစိုက်ပျိုးသည့် ခရမ်းချဉ်သီးများ နည်းပါးလာသည့်အတွက် မန္တလေး၊ မုံရွာဘက်မှ ခရမ်းချဉ်သီးများ စတင်ဝင်ရောက်လာပြီး တစ်ပတ်လျှင် ပိဿာ(၂၀)ပါ သေတ္တာအလုံး (၅၀)ခန့် ကသာမြို့နယ်သို့ ဝင်ရောက်လျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် လက်လီတစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၁၀၀၀ ကျပ်ခန့်ထိ တစ်ဖြည်းဖြည်း ဈေးနှုန်း မြင့်တက်လာရာမှ ယခု ဇွန်လပထမပတ်တွင် ကသာမြို့တွင်း ရောင်းချနေသော ခရမ်းချဉ်သီး ဈေးနှုန်းများမှာ လက်လီတစ်ပိဿာလျှင် အလုံးသေး (၁၅၀၀)ကျပ်နှင့် အလုံးကြီး ကျပ် (၂၀၀၀) ထိ ဈေးနှုန်းမြင့်တက်လာကြောင်း ဈေးကွက်အတွင်း ခရမ်းချဉ်သီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)