ရာသီစာသီးနှံ လိုင်ချီးသီးများ ဆွတ်ခူးရောင်းချ၍ နှစ်စဉ်ဝင်ငွေရရှိ

Powered by Drupal

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ သာစည်ကျေးရွာတွင် နှစ်ရှည်လိုင်ချီးသီးပင်များအား  မြေယာလွတ် မိမိအိမ်ဝန်းများအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းအားဖြင့် မိုးတွင်းကာလတွင် အပိုဝင်ငွေအဖြစ် နှစ်စဉ်ရရှိလျက်ရှိကြောင်း သိရသည်။

             မိမိအိမ်နောက်ဖေးတွင် စိုက်ပျိုးထားသည့် လိုင်ချီးသီးပင်များကို ကိုင်းပွား၍ စိုက်ပျိုးမည်ဆိုပါက နှစ်ချင်း အသီးသီးပြီး အစေ့မှစိုက်ပျိုးမည်ဆိုပါက ( ၁၀ ) နှစ်မှ ( ၁၅ ) ခန့် ကြာမှ အသီးများ စတင်သီးသည်ဟု သာစည်ကျေးရွာနေ လိုင်ချီးစိုက်ပျိုးသူ ဒေါ်လှစိန်မှ ပြောကြားပါသည်။

            လိုင်ချီးသီးသည် အရသာအလွန်ချိုသော်လည်း သကြားဓါတ်သည် သဘာဝသစ်သီး သကြားဓါတ်ဖြစ်ပါသည်။ အမျှင်ဓါတ်ကြွယ်ဝစွာပါရှိသောကြောင့် အစာကျေညက်လွယ်ပြီး အရွယ်တင် နုပျိုစေရန်နှင့် အသက်ရှည်စေရန်အတွက် တိုင်းရင်းဆေးဝါးကုထုံးများတွင်လည်း အသုံးပြုလေ့ရှိသည်ဟု လေ့လာသိရှိရပါသည်။

             လိုင်ချီးသီးသည် ဇန်နဝါရီလတွင် စတင်ဖူးပွင့်ပြီး ဧပြီလ နောက်ဆုံးပတ်တွင် စတင် အသီးများရောင်းချပြီး ဇွန်လတွင် အသီးများ ခူးဆွတ်ရောင်းချပြီးဖြစ်ပါသည်။ အပင်အရွယ်အစား ပေါ်မူတည်၍ အသီးအနည်း/အများ အလိုက် ဝင်ငွေရရှိမှု ကွာခြားပါသည်။ ပေါ်စတွင် လိုင်ချီးသီး တစ်လုံးလျှင် ( ၅၀ ) ကျပ်ခန့် ဈေးနှုန်းရရှိပြီး အသီးလှိုင်လာပါက အလုံး ( ၃၀ - ၃၅ ) လုံးလျှင် ( ၁၀၀၀ ) ကျပ်ဖြင့် ရောင်းချရပါသည်။ အချို့အပင်များသည် တစ်ရာသီတွင် ( ၁၀၀၀၀၀ ) ကျပ်ခန့်နှင့် အပင်ကြီးပါက ( ၃၀၀၀၀၀ ) ကျပ်ခန့် ပုံမှန်ဝင်ငွေ ရရှိလျက်ရှိပါသည်။

              ထိုကဲ့သို့  မိမိတို့၏အိမ်ဝန်းခြံများအတွင်း ရာသီစာသီးနှံဖြစ်သည့် လိုင်ချီးသီး စိုက်ပျိုးထားရှိခြင်းဖြင့် နှစ်စဉ်ငွေပုံမှန်ရရှိနေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)