ငဖဲမြို့နယ်တောင်ပေါ်ဒေသ၌ ကော်ဖီစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Powered by Drupal

              မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တောင်ပေါ်ဒေသ (နတ်ရေကန်)တွင် ရေမြေရာသီဥတုနှင့်ကိုက်ညီသည့် အာရေဗီးကား (ဗီယက်နမ်) ကုန်းမြင့်ကော်ဖီမျိုး (၁၀၆၆)ဧက စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

          ဒေသထွက်ကုန်သီးနှံအနေဖြင့် ကော်ဖီ၊ လက်ဖက်၊ ဝဥ၊ ထောပတ်၊ ကမ္ဗလာ၊ ရှောကျခြို၊ ပိန္နဲ၊ ငရုတ်၊ ငှက်ပျော၊ သံပုရာစသည့် သီးနှံများကို အများဆုံးစိုက်ပျိုးကြပြီး ကော်ဖီသီးနှံအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီခြံ (နတ်ရေကန်)တွင် အာရေဗီးကား (ဗီယက်နမ်) ကုန်းမြင့်ကော်ဖီမျိုး ဧက(၄၀)၊ တောင်ပေါ်ဒေသကျေးရွာများတွင် ပုဂ္ဂလိကတောင်သူများမှ (၁၀၂၆)ဧကစိုက်ပျိုးထား ကြောင်း၊ အရည်အသွေးမြှင့်ရောင်းတန်းဝင် ကော်ဖီအဖြစ်စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ကော်ဖီစိုက်တောင်သူအစုအဖွဲ့ ဖွဲ့စည်းထားပြီး တောင်သူနည်းပညာပေးသင်တန်းနှင့် ကွင်းသရုပ်ပြပွဲများဆောင်ရွက်လျှက်ရှိကြောင်း၊ ကော်ဖီမျိုးစေ့၊ ပျိုးပင်နှင့်စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ  ပံ့ပိုးပေးထားကြောင်း၊ နှစ်စဉ်ကော်ဖီစိုက်ဧက တိုးတက်လာသလို အထွက်နှုန်းများလဲ တိုးတက်လာခဲ့ကြောင်း၊ ယခုနှစ် ထွက်ရှိသော ကော်ဖီစေ့များအား ရေနံချောင်းမြို့နယ်  ဘာမင်နီယာစက်ရုံ၊ ရန်ကုန်မြို့ ဝင်းကော်ဖီ စက်ရုံတို့မှ ကျေးရွာများအထိ ကွင်းဆင်း၍ ကော်ဖီအရည်အသွေး ပေါ်မူတည်ပြီး တစ်တန် လျှင် ငွေကျပ်သိန်း (၃၀)မှ (၅၀)အထိပေးဝယ်ရာ တောင်သူများ ဈေးကောင်း ရရှိ၍ အဆင်ပြေကြောင်း၊ ကော်ဖီပင်နှင့်အတူ ထောပတ်၊ ဝဥ၊ လိုင်ချီး၊ လက်ဖက်စသည့် နှစ်ရှည် သီးနှံပင်များကြားညှပ် စိုက်ပျိုးကြ၍ တောင်ပေါ်ဒေသခံတိုင်းရင်းသားများမှာ မိသားစုစားဝတ်နေရေး အဆင်ပြေကြောင်း သိရှိရပါသည်။

            ယခုနှစ်မှစ၍ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် ကော်ဖီစံပြကွက်(၂)ဧက (H-528 မျိုး ၁ ဧကနှင့် SL – 34 မျိုး ၁ ဧက)ကို စမ်းသပ်စိုက်ပျိုးထားရှိကြောင်း၊ တောင်ပေါ်ဒေသ ကျေးရွာအုပ်စု(၁၀)အုပ်စုမှ ကော်ဖီစိုက်ပျိုးတောင်သူများ အရည်အသွေးကောင်းမွန်သော သီးနှံများ ရရှိ၍ အချိန်တိုအတွင်း ခြောက်သွေ့စွာလှန်းနိုင်ရန်ရည်ရွယ်၍ ကော်ဖီခြံတွင် Solar Dryar စနစ်ဖြင့် သီးနှံအခြောက်လှန်းစင် အဆောက်အဦ တည်ဆောက်ထားရှိကြောင်းနှင့် ယခုနှစ် မိုးရာသီအမှီ တောင်သူများ စိုက်ပျိုးနိုင်ရေးအတွက် ကော်ဖီပျိုးပင်၊ အခြားအရိပ်ရပျိုးပင်များနှင့်အတူ ကော်ဖီမျိုးစေ့များပါ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ကော်ဖီခြံတာဝန်ခံ ဦးဇော်သိန်းထံမှသိရပါသည်။

          ငဖဲမြို့နယ် နတ်ရေကန်(ကော်ဖီခြံ)မှ တစ်နှစ်လျှင် ကော်ဖီစေ့ (၂.၈)တန်နှင့် ပုဂ္ဂလိကစိုက်ခင်းများမှ (၄၃)တန်ကျော်ထွက်ရှိပြီး ရွာငံ၊ ရေနံချောင်း၊ ရန်ကုန်နှင့် ပြင်ဦးလွင်မြို့နယ် ဈေးကွက်များသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မကွေး)