
ရှေးလူကြီးများ ဆိုရိုးစကားရှိသည်မှာ အိမ်ရှေ့တမာ၊ အိမ်နောက်ကတက် စီပွားတက်ဟု ဆိုကြပါသည်။ ထို့ကြောင့် ကတက်ပင်များကို အိမ်၏နောက်ဘက် အိမ်ခြံစည်းရိုးများတွင် တစ်ပင် နှစ်ပင်စိုက်ပျိုးထားတက်ကြပါသည်။ ကတက်ပင်သည် မြစ်ချောင်းအင်းအိုင် ရေအစပ်များတွင် ပေါက်ရောက်တက်သည့် ရေကတက်နှင့် တောင်ပေါ်ဒေသတွင်ပေါက်ရောက်တက်သော တောင်က တက်ဟူ၍ နှစ်မျိုးရှိသည်။ တောင်ကတက်ပင်ကို တောင်ပေါ်ဒေသများဖြစ်ကြသော မိုးကုတ်၊ ပြင်ဦးလွင်တို့တွင် တွေ့ရနိုင်ပါသည်။ ယခုလိုနွေဦးပေါက်ရာသီတွင် ကတက်ပင်များ ရွက်သစ်ဝေ၍ ကတက်ရွက်များ စတင်ထွက်ပေါ်နေပြီဖြစ်ပါသည်။ မိုးကုတ်ဒေသထွက်တောင်ကတက်သည် အစိမ်းတိုင်း အတို့အမြုပ်လုပ်စား၍ ရပါသည်။ သရက်ရွက်နုကဲ့သို့ ရနံ့မွှေးကြိုင်ပြီး အနံ့အရသာနှင့် ပြည့်စုံသော အတို့အမြုပ်အရွက်တစ်မျိုးဖြစ်ပါသည်။ တောင်ကတက်ရွက်ကို ထမင်းရေနှင့်စိမ်၍ ဖွတ်ပေးရပြီး ကတက်ချဉ်စိမ်၍ ရောင်းချကြပါသည်။ မိုးကုတ်ဒေသထွက် တောင်ကတက်တစ်စည်း လျှင်(၅၀၀/၁၀၀၀)ကျပ်၊ ကတက်ချဉ်(၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချ လျှက်ရှိကြောင်း သိရှိရသည်။ ရေကတက်ရွက်သည် အစိမ်းတိုင်းစားသုံး၍မရဘဲ ကတက်ချဉ် တည်၍ရောင်းချကြသည်။ ရေကတက်ချဉ်(၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိ ကြောင်းလည်း သိရှိရသည်။ ကတက်ချဉ်ကို ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ မြေပဲဆားလှော် ထောင်းနှင့် ဆီစိမ်းဖြင့် သုပ်စားကြပါသည်။ ကတက်ချဉ်သုပ်နှင့် ပဲကြီးဟင်းချိုသည် လိုက်ဖက် ညီသော ထမင်းမြိန်စေသည့် ဟင်းလျာတစ်မျိုးဖြစ်ပါသည်။ ရေကတက်ကို အောက်ပြည်အောက် ရွာနှင့် အညာဒေသမှာလည်း တွေ့နိုင်ပါသည်။ ကတက်ရွက်ကို သုပ်စားခြင်းဖြင့် ဆီးရွှင်စေပါသည်။ ကတက်ခေါက်ကို သံပုရာသီးနှင့်သွေးသောက်က ကျောက်တည်ရောဂါအတွက် ကျောက်ကျစေသည် ဟူ၍လည်း ဆိုကြပါသည်။ ကတက်ပင်သည် သဘာဝကပေးသော ဆေးဖက်ဝင်အစားစာပင် တစ်မျိုးဖြစ်ပါသည်။
DOCA(မန္တလေး)